BREAKING
October 19, 2025

ထားဝယ်မြို့တွင် သေနတ်ဆော့ကစားရာမှ ကျည်ဆန်ထိမှန် ဒဏ်ရာရသွားသည့်ကိုရင် ပျံလွန်

August 21, 2025

ထားဝယ်မြို့ရှိ အိမ်ရှေ့ပြင်ရပ်ကွက် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင် တပ်သား၏ သေနတ်ကိုယူဆော့ရာမှ သေနတ်ကျည်ဆန်ထွက်ပြီး ဒဏ်ရာရှိသည့်ကိုရင်မှာ ပျံလွန်တော်မူသွားပြီ ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများနှင့် ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

ကိုရင်မှာ ပျံလွန်တော်မူချိန် သက်တော် ၁၅ နှစ်၊ ဝါတော် ၇ ဝါရပြီဖြစ်ပြီး ရှင်သာမဏေ ဘွဲ့အမည် အရှင်ဝါယမ ဖြစ်ကြောင်းသိရသည်။

ကိုရင်သည် ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သား ဈေးဝယ်ထွက်ချိန် ၎င်း၏သေနတ်ကိုယူဆော့ရာမှ ကျည်ဆန်ထွက်သွားပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးကပြောသည်။

“ကျောင်းဝင်းထဲက ဘုရားရင်ပြင်မှာ ဖြစ်သွားတာ ၊ည‌ နေ ၃ နာရီ လောက်ရှိပြီ သေနတ်ပိုင်ရှင်က ရပ်ကွက်ထဲ ဈေးဝယ်ထွက်သွားတယ်လို့သိရတယ်၊ အဲဒီမှာကိုရင်က သူ့ သေနတ်ကိုယူဆော့ မိပုံရတယ် အဲဒီမှာကျည်ထွက်ပြီး ကိုရင်ဗိုက်ကိုထိသွားတာ “ဟု ၎င်းက ပြောသည်။

ကိုရင်မှာ ထားဝယ် ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေချိန် ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် ပျံလွန်တော်မူသွားကြောင်း ရပ်ကွက်နေများနှင့် ကူညီဆောင်ရွက်ပေးသူများ ထံမှသိရသည်။

ကိုရင်၏ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့ခံလူမှုကူညီ ရေးအသင်းအဖွဲ့များ၏ အကူအညီဖြင့် ထားဝယ်ဆေးရုံကြီးမှ အိမ်ရှေ့ပြင်ရပ်ကွက်သို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးသည့် မြို့ခံ အချို့ထံမှသိရသည်။