တောင်တရုတ်ပင်လယ်ပြင် တွင်ဖြစ်ပေါ်နေသည့် “ဝီဖာ” အမည်ရှိ အပူပိုင်း မုန်တိုင်းသည် အနောက်ဘက်နှင့် အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး ဇူလိုင်လ ၂၂ ရက်တွင် ပြန်အားကောင်းလာနိုင်ကာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့(ဇူလိုင်လ ၂၁ ရက်)တွင် ခန့်မှန်းဖော်ပြသည်၊
ယင်းမုန်တိုင်း၏ အရှိန်ကြောင့် ဇူလိုင်လ ၂၁ ရက်မှ ၂၆ ရက်အတွင်း တနင်္သာရီ အပါအဝင် နိုင်ငံအနှံ့အပြား နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးထစ်ချုန်းခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း စစ်ကောင်စီ မိုးဇလ ကဆိုသည်။
မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင် ကလည်း ဇူလိုင်လ ၂၂ ရက်မှစ၍ တနင်္သာရီဒေသအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးများ၍ ရေကြီးနိုင်ကြောင်း ခန့်မှန်းဖော်ပြထားသည်၊
သို့သော် ၂၀၂၄ ခုနှစ်က အားအလွန်ကောင်းသည့် တိုင်ဖွန်းမုန်တိုင်း ရာဂီ အကြွင်းအကျန်ဝင်လာချိန် နှင့် ယခု ဝီဖာမုန်တိုင်း အကြွင်းအကျန်ဝင်လာချိန်တို့တွင် မိုးရေချိန်ပမာဏမတူညီသဖြင့် မိုးများနိုင်သည့်နေရာ၊ ရေကြီးနိုင်သည့်နေရာများ ရှိနိုင်သော်လည်း ၂၀၂၄ ခုနှစ်ကလောက် မများနိုင်ဟု ဦးဝင်းနိုင်က ဆိုသည်၊
တနင်္သာရီတိုင်း အတွက် ရေကြီးရေလျှံမှု ပတ်သက်၍ မေးမြန်းရာ ” Alert(သတိပေးချက်) ရှိနေတယ်၊ (ဇူလိုင်) ၂၂-၂၅ ရက်အတွင်းမိုးရေချိန်ရရှိနိုင်ချေ ကျွန်တော် တင်ပေးထားတာမှာလဲ များနိုင်တယ်ဆိုတော့၊ သတိထားရမှာပေါ့ဗျာ ” ဟု ဦးဝင်းနိုင် ကတုံ့ပြန်ဖြေကြားသည်။
ဇူလိုင် ၂၁ ရက် မှ ဇူလိုင် ၂၅ ရက် အထိတနင်္သာရီတိုင်းတွင် မိုးရေချိန်စုစုပေါင်း ၁၀ လက်မကျော်အထိ ရှိနိုင်သည်ကို တွေ့ရှိရကြောင်း ဦးဝင်းနိုင် က ခန့်မှန်းဖော်ပြထားသည်၊
မြိတ် နှင့် ထားဝယ် မြို့ခံများထံဆက်သွယ်မေးမြန်းရာတွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု ဆက်တိုက်ရှိနေသည်ဟု ပြောဆိုကြပြီး ယမန်နေ့ ဇူလိုင်လ ၂၀ ရက်က မိုးသက်လေပြင်းကျခဲ့သည့် ကော့သောင်းမြို့ခံများအား မေးမြန်းရာတွင်မူ လေပြင်းတိုက်ခတ်မှု မရှိတော့သော်လည်း မိုးရွာသွန်းမှု ဆက်ရှိနေဆဲဖြစ်သည်ဟု ဖြေကြားသည်။
ဇူလိုင်လ ၂၀ ရက်တွင် မိုးသက်လေပြင်းကျ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရပြီး လက်ရှိအထိ တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်မြို့သုံးမြို့ ၌ ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ မကြားရသေးသလို၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများလည်း ဆောင်ရွက်ရခြင်းမရှိသေးကြောင်း မြို့ခံများ နှင့် လူမှုကယ်ဆယ်ရေး အသင်းများထံမှသိရသည်၊
တနင်္သာရီတိုင်း တွင် တနင်္သာရီမြစ်ရေတက်မှုကြောင့် နှစ်စဥ် ရေကြီးရေလျှံမှုကြုံရလေ့ရှိသည် တနင်္သာရီမြို့ခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာတွင် မိုးရွာသွန်းမှု ရှိနေသော်လည်း မြစ်ရေ တက်မှုနှင့်ပတ်သက်၍ လတ်တလော စိုးရိမ်ရသည့် အနေအထားတွင်မရှိသေးကြောင်း ပြောဆိုသည်။
အမျိုးသားညီညွတ်ရေး အစိုးရ၊ လူသားချင်းစာနာထောက်မှု နှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ကလည်း ဇူလိုင်လ ၂၃ ရက်မှ ၂၅ ရက်အတွင်း တနင်္သာရီ၊ ကရင်နီ(ကယား)၊ ရှမ်း၊ စစ်ကိုင်း၊ မန္တလေး၊ ချင်း၊ မွန် နှင့် ကရင် ဒေသတို့တွင် ဝီဖာမုန်တိုင်း ၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်တစ်ပျက်ရေကြီးခြင်း နှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် သတိပြုနိုင်ရန် တိုက်တွန်းထားသည်။