BREAKING
October 19, 2025

ပုလော မိန်းမမြို့ရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ကလေးတစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ

July 21, 2025

ပုံစာ - ဇူလိုင်လ ၁၉ ရက်နေ့က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်များ။

ပုလောမြို့နယ်၊ မိန်းမမြို့ရွာနှင့် ဘိုင်းပြင်ရွာကြားကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်က ဇူလိုင်လ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၉ ရက် နံနက် ၁၀နာရီခွဲခန့်တွင် အာဇာနည်နေ့အခမ်းအနားပြုလုပ်ရန် ပြင်ဆင်နေစဥ် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်ကြောင်း ဒေသခံအချို့ ထံမှ သိရသည်။

“ရွာသား အိမ်သုံးလုံးထိတယ်၊ ပျက်တယ်။ အရပ်သား လူကြီးနဲ့ ကလေး ခုနစ်ယောက်ဒဏ်ရာရတယ်။ ကလေး တစ်ယောက် ဆုံးတယ်” ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၂ အရွယ် မောင်သားတုတ်သေဆုံးပြီး အသက် ၈၀ ဝန်းကျင်အရွယ် ဒေါ်ခင်အေး၊ အသက် ၅၂ အရွယ် ဒေါ်အေးသီ၊ အသက် ၆၅ နှစ်အရွယ် ဒေါ်နုရီတို့ အပါအဝင် ဒေသခံ ခုနစ်ဦး ဒဏ်ရာရ ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

မောင်သားတုတ်မှာ ခြေထောက်နှစ်ချောင်းပြတ်တောက် ဒဏ်ရာဖြင့် သေဆုံးကြောင်း ၎င်းက ပြောဆိုသည်။

ထိခိုက်ဒဏ်ရာရသူများထဲတွင်မူ လက်မောင်း ၊ နောက်ကျောနှင့် ခြေထောက်တို့တွင် ပြင်းထန် ဒဏ်ရာများရကြောင်း ဒေသခံ အခြားတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရထားသူများမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း ပုလောမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“အဘွားတစ်ယောက်ကတော့ လက်ထိခိုက်ထားတာ (လက်) ဆုံးရှုံးနိုင်ရဖွယ်ရှိတယ်။ ကျန်တဲ့ဒဏ်ရသူတွေကတော့ အသက် အန္တရာယ် မစိုးရိမ်ရတော့ပါဘူး။ စစ်ရေးကတော့ ပြန်ငြိမ်နေတယ်” ဟု ၎င်းက ပြောဆိုသည် ။

ဇူလိုင်လအတွင်း ပုလောမြို့နယ်တစ်ခုတည်း၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေး နှစ်ဦးသေဆုံးပြီး သက်ကြီးပိုင်းအမျိုးသမီးများ အပါအဝင် အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရခကြောင်း Dawei Watch က မှတ်တမ်းပြုစုထားသည့် စာရင်းအရသိရသည်။