ထိုင်း-မလေးရှား နယ်စပ်ဖြစ်သော စုန်ခရာခရိုင်တွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၁၂ ဦးနှင့် ကားမောင်းသူ အပါအဝင် ထိုင်နိုင်ငံသားသုံးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇူလိုင်လ ၂၀ ရက်က စုန်ခရာခရိုင် ပါကျင်ဒေသရှိ လမ်းပိုင်းတစ်နေရာတွင် ကားတစ်စီးကို စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကားပေါ်လိုက်လာသော ထိုင်းနိုင်ငံသားသုံးဦးအနက် အသက် ၃၆ နှစ်အရွယ် ကားမောင်းသူတွင် ပစ္စတိုသေနတ် ကိုင်ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
ကားမောင်းသူသည် ကျေးရွာကာကွယ်ရေးလုပ်အားပေးသူဖြစ်ပြီး ၎င်းကို ထိုင်းစုံတွဲက ကားမောင်းပေးရန် အကူအညီ တောင်းခံသဖြင့် ကားမောင်းပို့ခြင်းဖြစ်ကာ မြန်မာနိုင်ငံသားများကို ပို့ဆောင်ပေးမည်ကို မသိရှိဟု ရဲတပ်ဖွဲ့ထံ ထွက်ဆို ထားကြောင်း သတင်းများတွင် ဖော်ပြသည်။
ကား၏ အနောက်ခန်းတွင် မြန်မာနိုင်ငံသား အမျိုးသားရှစ်ဦးနှင့် အမျိုးသမီးလေးဦး စုစုပေါင်း ၁၂ ဦး လိုက်ပါလာပြီး ၎င်းတို့အနက် တစ်ဦးတွင် နိုင်ငံကူးလက်မှတ်နှင့် တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်းကို တွေ့ရကြောင်း ဖော်ပြသည်။
ထို့ကြောင့် ကျန်သော မြန်မာနိုင်ငံသား ၁၁ ဦးကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့်အရေးယူထားပြီး ထိုင်းနိုင်ငံသား သုံးဦးကို တရားမဝင် နိုင်ငံခြားသားများကို ကူညီပို့ဆောင်ပေးမှုဖြင့် အရေးယူထားကြောင်း ဆိုသည်။
လက်နက်ကိုင်ဆောင်ထားသော ထိုင်းနိုင်ငံသားကိုလည်း တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် ထပ်တိုး အမှုဖွင့်ထားကြောင်း ဖော်ပြသည်။
ပြီးခဲ့သော ဇူလိုင်လ ၁၉ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဖို့ဖရာ့ဒေသတွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၁၆ ဦး ဖမ်းဆီးခံရသေးသည်။
Ref: Hatyai Focus, Thairath, MGR Online