BREAKING
October 18, 2025

မုန်တိုင်းကြောင့် ထိုင်းမြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် မိုးသည်းထန်မည်

July 21, 2025

ပုံစာ - ဝီဖာမုန်တိုင်းကြောင့် ဟောင်ကောင်တွင် သစ်ပင်လဲကျနေစဉ်။ ဓာတ်ပုံ - REUTERS

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသော အပူပိုင်းမုန်တိုင်း ဝီဖာကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းခရိုင်များတွင် ဇူလိုင်လ ၂၂ ရက် မှ ၂၄ ရက်အထိ မိုးအလွန်သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ဘေးအန္တရာယ် ကာကွယ်ရေးဦးစီးဌာန(DDPM) က သတိပေးထုတ်ပြန်လိုက်သည်။

မုန်တိုင်း၏အရှိန်ကြောင့် ထိုင်းမြောက်ပိုင်းရှိ နန်း၊ ဖယောင်၊ ချင်းရိုင်၊ လမ်ဖွန်၊ လမ်ပန်၊ ဖရဲ၊ ဥထရာဒစ်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ တာ့ခ်၊ နောင်ခိုင်၊ ဘွန်ကန်၊ နခွန်ဖနွန်၊ စကွန်နခွန်၊ နောင်ဘူလမ်ဖူ၊ လိုးအီ၊ ဥဒွန်းဌာနီ၊ ကန်ချနဘူရီ၊ ရတ်ချ်ဘူရီ၊ ဥထိုင်းဌာနီ၊ ချန်ထဘူရီ၊ တရတ် ခရိုင်များတွင် မိုးအလွန်သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သတိပေးထားသည်။

ယင်းခရိုင်များတွင် မိုးသည်းထန်မှုနှင့်အတူ ရုတ်တရက် ရေကြီးခြင်း၊ မြစ်ရေလျှံခြင်း၊ သစ်ပင်လဲခြင်းနှင့် မြေပြိုခြင်းများလည်း ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများ အထူးဂရုပြုနေထိုင်ကြရန် သတိပေးထားသည်။

အထူးသဖြင့် မြေနိမ့်ပိုင်းဒေသများ၊ မြစ်ကမ်းပါးဒေသများနှင့် တောင်ခြေ တောင်စောင်းများတွင် နေထိုင်သူများ အထူးသတိထားသင့်ဟုဆိုသည်။

ထို့အတူ ထိုင်းတောင်းပိုင်းခရိုင် ကမ်းရိုးတန်းများတွင်လည်း မိုးသက်လေပြင်း ကျရောက်နိုင်သဖြင့် အမြင့် ၄ မီတာအထိ လှိုင်းကြီးနိုင်ကြောင်း သတိပေးထားသည်။

အရေးကြီး ပိုင်ဆိုင်သော ပစ္စည်းများကိုလည်း အမြင့်နေရာသို့ရွှေ့ပြောင်းရန်၊ လိုအပ်ပါက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် အစိုးရ၏ သတင်းထုတ်ပြန်ချက်များကို သေချာစောင့်ကြည့်ကြရန် အသိပေးထားသည်။

AIS၊ True move နှင့် Dtac ကဲ့သို့သော မိုဘိုင်းလ်အော်ပရေတာများကလည်း ယနေ့ ဇူလိုင် ၂၀ ရက် နေ့လယ်ပိုင်းမှစ၍ ထိုင်းမြောက်ပိုင်းနှင့် အလယ်ပိုင်းခရိုင်းများရှိ နေထိုင်သူများ၏ ဖုန်းများသို့ သတိပေးချက် မက်ဆေ့ချ်များ ပေးပို့နေကြောင်း DDPM ကထုတ်ပြန်သည်။

လက်ရှိတွင် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ဝီဖာ”သည် တရုတ်နိုင်ငံ တောင်ပိုင်းကမ်းခြေများကို တိုက်ခတ်နိုင်ပြီး

ဇူလိုင်လ ၂၂ ရက်နေ့တွင် ဗီယက်နမ်မြောက်ပိုင်းကမ်းခြေသို့ ဝင်ရောက်တိုက်ခတ်ကာ လာအိုနိုင်ငံအထိ တိုက်ခတ်ပြီးနောက် အားပျော့သွားမည့်ဟု မြန်မာနှင့် ထိုင်းမိုးလေဝသဌာနက ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံတွင် မုန်တိုင်းဒဏ်ကြောင့် ဘေးအန္တရာယ် ကြုံတွေ့ရပါက အရေးပေါ်ဖုန်းနံပါတ် (DDPM) 1784 ကို ၂၄ နာရီဖုန်းခေါ်ဆိုကာ အကူအညီတောင်းခံနိုင်ကြောင်း DDPM က ထုတ်ပြန်ထားသည်။