BREAKING
May 21, 2025

တိုက်ပွဲဖြစ်ပြီး မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းကို စစ်တပ်က လုံခြုံရေးတင်းကျပ်

May 21, 2025

ပုံစာ - မုဒုံမြို့နယ်အတွင်း လှုပ်ရှားနေသည့် NMSP-AD တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - NMSP-AD

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်းဒေါင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ NMSP-AD တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းတစ်လျှောက် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည်ဟု သိရသည်။

မေလ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်းဒေါင်းကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို NMSP-AD က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့သည်။

မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်းဒေါင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က မေလ ၁၉ ရက်နေ့ကတည်း လာရောက်တပ်စွဲထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

“ရွာထိပ် ကားလမ်းအရှေ့ဘက်မှာ စစ်သားတွေက ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်လောက်ကတည်းက ရောက်နေတာ။ မနေ့(မေ ၂၀)က နေ့လယ်လောက်မှာ လက်နက်ကြီး စပစ်တယ်။ ပြီးမှ လက်နက်ကြီးရော လက်နက်ငယ်နဲ့ရော ဆက်တိုက်ပစ်တယ်။ အကြာကြီးပဲ။ ရွာထိပ်မှာပဲဆိုတော့ လူတွေလည်း အကုန်ကြောက်ကြကုန်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေချိန်တွင် အဘစ်အမြှောက်တပ်နှင့် သံဖြူဇရပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ကူခဲ့သည်လည်း ရှိသည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ဖြတ်သန်းသွားလာခွင့်ကိုလည်း ပိတ်ပင်ခဲ့သည်။

ယနေ့ မေလ ၂၁ ရက်နေ့ထိလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောင်းဒေါင်းကျေးရွာအနီးနားတဝိုက်တွင် တပ်စွဲထားဆဲဖြစ်သည့်အတွက် တိုက်ပွဲထပ်ဖြစ်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။

“စစ်သားတွေက ရှိနေဆဲဆိုတော့ ကြောက်တာပေါ့။ တချို့ဆိုရင်လည်း မနေရဲတော့ဘူး ရွာမှာ နေရာပြောင်းရွှေ့ကြတာပေါ့။ လောလောဆယ်ကတော့ ငြိမ်နေတယ်” ဟု အခြားဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်းဒေါင်းကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တစ်ဦး သေဆုံးပြီး၊ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို NMSP-AD ဘက်ကလည်း တပ်ဖွဲ့ဝင်တစ်ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့သည်ဟု NMSP-AD က ထုတ်ပြန်ထားသည်။

မုဒုံမြို့နယ်အတွင်း လှုပ်ရှားနေသည့် NMSP-AD က မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းတစ်လျှောက် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဖြတ်သန်းသွားလာနေသည့် စစ်ကောင်စီ ယာဉ်တန်းများကို မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။