သို့/
ချစ်ရတဲ့သူရေ
ဒီနေ့မနက် နေသာတယ်။
ချစ်ချစ်တောက်ပူပြီး ချွေးဖြိုင်ဖြိုင်ကျလောက်အောင် ပူပြင်းလွန်းတဲ့ နေ့ခင်းမျိုးပါပဲ။ မနက်ခင်းတုန်းက မီးတောက်တစ်ခုလို ပြင်းရှပူလောင်လွန်းလှတဲ့အပူဒဏ်က အနောက်မြောက်ရပ်ဆီကခရီးဆန့်လာတဲ့ မုတ်သုံတိမ်တိုက်တွေကြားမှာ တိုးလျှိုးကွယ်ပျောက်သွားပြီး ညနေခင်းရောက်တော့ ဆောင်းလလယ်မိုးကလေးရွာတယ်။ ဖြိုးဖြိုးဖြောက်ဖြောက်မဟုတ်ဘဲ အညှိုးနဲ့ဆင်သလို သည်းကြီးမည်းကြီးရွာသွန်းသောမိုးမျိုး။ ဆီးနှင်းတစ်ပြိုက် မိုးတလိုက်၊ မိုးသားမငြိမ် ဆင်ရာတိမ်ဆိုတဲ့ တန်ဆောင်မုန်း-နတ်တော်လ ရာသီမိုးကိုး။
ညရောက်ပြန်တော့ မိုးငွေ့တွေဝေ့ဝေ့စင်ပြီး လေနုအေးလေးတွေတိုက်ခတ်လို့၊ မြူခိုးတွေက အုံ့မှိုင်းလို့ပေါ့။ မှိန်ပြပြလင်းစွမ်းလျက်ရှိတဲ့ သော်တာဝန်းရှေ့ဖြတ်ပြီး တိမ်ရထားတို့က ရံဖန်ရံခါခုတ်မောင်း ခရီးဆန့်နေကြတာ တွေ့ရတယ်။
အဲဒီလရောင်အောက် စစ်ရှောင်တဲလေးတစ်ခုမှာ အစ်ကိုတို့လူစု ဝိုင်းဖွဲ့ထိုင်နေကြရင်း အာလ္လာပ သလ္လာပရောက်တတ်ရာရာ စကားစမြည်ပြောဖြစ်ကြတယ်။ အညှိုးနဲ့ဆင်တဲ့မိုးအပြီးညခင်းရဲ့ အေးမြတဲ့လေညှင်းတွေကြားမှာ စကားဝိုင်းက တစ်ခါတလေ ရယ်သံမောသံနည်းနည်းစွက်ပြီး တစ်ခါတရံမှာတော့ စကားဝိုင်းတစ်ခုလုံးငြိမ်လျက်သားကျလို့ ကိုယ်စီကိုယ်စီက တွေးမိတွေးရာအတွေးနက်နက်တွေကြားကို လှမ်းတိုးဝင်သွားတတ်တာကို သတိထားမိတယ်။
ဒီလိုငြိမ်လျက်သားကျနေတဲ့စကားဝိုင်းကို ဖောက်ခွင်းပစ်မယ့် ဖုန်းကောလ်တစ်ခုက လျှပ်စီးလက်သလို အိမ်ရှင်ဦးလေးကြီးဆီကိုဝင်လာတယ်။
အဖွဲ့အစည်းတစ်ခုက သူတို့ရဲ့ပစ္စည်းပစ္စယတွေကို ရှေ့တန်းနယ်မြေတစ်ခုကိုဖြတ်သန်းပြီး ကားနဲ့ရွှေ့ပြောင်းဖို့ရှိတာမို့ ကင်းပုန်းဝပ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ကြိုတင်အကြောင်းကြားပေးဖို့ အကူအညီတောင်းခံ ဆက်သွယ်လာတာပါ။ ကင်းပုန်းဝပ်နေတဲ့တပ်ဖွဲ့တွေနဲ့ သူတို့တပ်ဖွဲ့အကြားမှာ အဆက်အသွယ်ပြတ်နေပုံရတယ်။
အစ်ကိုတို့နဲ့အတူရှိနေတဲ့ ဦးလေးကြီးကတော့ နယ်မြေခံဖြစ်ပြီး ဒီနယ်မြေကိုရောက်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကိုရော၊ တော်လှန်ရေးရဲဘော်တွေကိုပါ လိုအပ်တာတွေအကုန်ကူညီပေးနေတဲ့သူဆိုတော့ သူ့မှာက အားလုံးနဲ့အဆက်အသွယ်ရှိလို့ သူ့ဆီဆက်သွယ်အကူအညီတောင်းဟန်တူပါတယ်။
သူတို့အကူအညီတောင်းတာကတော့ ကင်းပုန်းဝပ်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို ဘယ်သူဘယ်ဝါတွေက ဖြတ်သန်းသွားလာဖို့ရှိတဲ့အကြောင်း ကြိုတင်အကြောင်းကြားပေးပြီး ဒီဦးလေးကြီးနဲ့ အစ်ကိုတို့က သူတို့ထွက်လာမယ့်လမ်းထိပ်မှာ လာရောက်စောင့်ဆိုင်းနေဖို့ဖြစ်ပါတယ်။
အစီအစဥ်အတိုင်း ဦးလေးကြီးနဲ့ အစ်ကိုတို့နှစ်ယောက်သား ရဲဘော်တွေကင်းပုန်းဝပ်နေတဲ့နေရာဆီကို ကြိုတင်သွားရောက်အကြောင်းကြားပြီး သူတို့လူစု ကားနဲ့ထွက်လာမယ့် လမ်းထိပ်မှာ လာရောက် စောင့်ဆိုင်းနေဖြစ်တယ်။
အစ်ကိုတို့ရောက်ရှိစောင့်ဆိုင်းနေတဲ့နေရာက စစ်ကောင်စီတပ်စစ်ကြောင်းရှိရာနေရာနဲ့ တစ်မိုင်သာသာဝေးတော့တဲ့ နေရာဖြစ်တယ်။ ညအချိန်ဖြစ်ပြီး စစ်ရေးနယ်မြေလည်းဖြစ်တဲ့အလျောက် ပတ်ဝန်းကျင်တစ်ခွင်လုံးဟာ ပကတိငြိမ်သက်နေပြီး ပုရစ်အော်သံတို့ကသာ ညံစီဝေနေတော့တယ်။
“ဦးဇော် ဒီလူတွေက မလာကြသေးဘူးလားဗျာ။ ကျွန်တော်တို့လာစောင့်နေတာပဲ ဆယ်မိနစ်လောက်ရှိနေပြီ။ တကယ်ဆို ဒီလိုနေရာမျိုးမှာ ဒီလောက်အထိကြာမနေသင့်ဘူးဗျာ၊ အန္တရာယ်များတယ်”
“အေးကွာ ခုနားကငါဖုန်းဆက်တော့ ထွက်လာနေကြပြီလို့တော့ ပြောတာပဲငါ့ညီရာ၊ ခဏလောက်တော့စောင့်ကြဦးစို့ရဲ့ကွာ နော်”
ဒီလိုနဲ့ အစ်ကိုလည်း ဦးဇော်စကားကို “ဗျာ ဗျာ”လို့တစ်ခွန်းတည်းသာ အာမဘန္တေခံပြီး အမှောင်ရိပ်ထဲမှာ ကုပ်ကုပ်ကလေးထိုင်နေလိုက်တော့တယ်။
တစ်အောင့်လောက်ကြာတော့ ခပ်လှမ်းလှမ်းက စက်ကလေးသေနတ်ပစ်သံအချက်ပေါင်းများစွာ တရစပ်ထွက်လာတယ်။ ကြားရတဲ့ခဏတော့ ကြက်သီးဖိန့်ဖိန့်ထလို့ နှစ်ယောက်စလုံးပိုပြီး သတိရှိဖို့လိုလာပြီဆိုတာကိုလည်း သိလိုက်ကြတယ်။ နှစ်ယောက်သားပိုပြီးလည်း ငြိမ်သွားကြတယ်။
ဒီတော့မှ အစ်ကိုတို့မလာခင်က စကားဝိုင်းဖွဲ့ပြောနေကြတဲ့အထဲက ဦးလေးတစ်ယောက်က “ငါ့ညီ ယောနသံ မင်းမှာလုံခြုံရေးအတွက်ပါရဲ့လား” လို့မေးတော့ မရှိပါဘူးပြောလို့ မရမကအတင်းထည့်ပေးလိုက်တဲ့ ပစ္စတိုလေးတစ်လက် ဆိုင်ကယ် Tool Box ထဲထည့်လာခဲ့တာကို လှမ်းသတိရမိတယ်။ အိမ်ကထွက်လာတုန်းကတော့ ပေးလိုက်တဲ့သူစိတ်ချမ်းသာပါစေဆိုပြီး လက်ထဲမှာကိုင်လာခဲ့သေးပေမယ့် ဒီလိုလက်နက်ပစ္စည်းတွေပေါ်ပေါ်ထင်ထင်ကိုင်ဆောင်ရတာ အစ်ကိုဖြင့် ဝါသနာမပါလို့ ကွယ်ရာရောက်တော့ ဆိုင်ကယ်ခဏရပ်ပြီး ဆိုင်ကယ် Tool Box ထဲထည့်လာခဲ့လိုက်တာပါပဲ။
ဒီလိုနဲ့ တစ်မိုင်သာသာက စစ်မြူနေတဲ့ စက်ကလေးပစ်သံတွေကြားတော့မှ ပါလာတဲ့ပစ္စတိုလေးကိုသတိရမိပြီး တမဟုန်ချင်းဆွဲထုတ် သေနတ်မောင်းဆွဲပြီး ကိုယ်နဲ့မကွာ ယူထားလိုက်မိတယ်။
ဒီတော့မှ ပကတိဗလာကျင်းနေတဲ့အမှောင်ရိပ်ထဲမှာ အတွေးတွေက ပြာသီဝေရီစွာနဲ့ လူဆိုတာ အခြေအနေတစ်ခုခုနဲ့ကြုံလာရင်၊ အရေးကြုံလာရင် ကိုယ့်မှာရှိတာလေးကိုပဲ အားကိုးရှာတတ်ကြတာ သဘာဝပါကလားလို့ တွေးမိတယ်။
ဖျားနာတဲ့အခါ ဆေးဝါးနဲ့ ကျန်းမာရေးအကြောင်း နားလည်တတ်ကျွမ်းတဲ့သူတွေကိုအားကိုးရတယ်။
ခရီးသွားလာတဲ့အခါ ယာဥ်ရထားတွေကိုအားကိုးရတယ်။ ဘာကိုမှ အားကိုးစရာမရှိတဲ့အဆုံးမတော့ ကိုယ့်ခြေတောက်အစုံကိုပဲ အားကိုးပြီးသွားလာကြရတာပါပဲလေ။
လူ့အဖွဲ့အစည်းဆိုတာလည်း ဒီသဘောပဲမဟုတ်လား။
တစ်ဦးနဲ့တစ်ဦး
တစ်စုနဲ့တစ်စု
တစ်ဖွဲ့နဲ့တစ်ဖွဲ့ကို ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီအားကိုးပြီး အပြန်အလှန်ကူညီဖေးမလို့ နေထိုင်စားသောက်၊ သွားလာလှုပ်ရှားပြီး ဘဝခရီးတွေကိုဆက်ကြရတာပါပဲလေ။
“လူတွေ ညာပြောနေကြတာပါ။ တကယ်တမ်းက လူဟာ ဘာသာစကားကို အတော်လုံလုံလောက်လောက် ကျကျနန ပြောတတ်လာတဲ့ အချိန်ကစပြီး မုသားတွေ မမြင်သာအောင် ဖုံးဖို့ဝှက်ဖို့ နေရာကောင်းတစ်ခုရခဲ့တယ်ဆိုတာ ဘယ်ပညာရှင်ကမှ ပြောသံမကြားဖူးပါဘူး” လို့ ဆရာကြီး ဇော်ဇော်အောင် ပြောခဲ့သလိုပေါ့ အချို့လူတွေဟာ ဘဝမှာအားကိုးမလိုပါဘူး၊ ဘယ်အရာကိုမှအားကိုးနေဖို့မလိုပါဘူး၊ တစ်ယောက်တည်းလည်းရှင်သန်နိုင်တယ်ရယ်လို့သာ ပြောနေကြတာပါ။ တကယ့်တကယ်တမ်းတော့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ခုအပေါ်တစ်ခု အပြန်အလှန်အမှီသဟဲပြုနေကြတာကိုကပဲ အားကိုးနေခြင်းပါပဲလေ။
လက်နက်ကိုင်တပ်တွေမဟာမိတ်ဖွဲ့ကြတယ်။ မဟာမိတ်တပ်တွေပေါင်စည်းကြတယ်ဆိုတာ အပြန်အလှန်အားကိုးကြတဲ့ စိတ်၊ အားကိုးရှိရင် ပိုအားကောင်းကြမယ်ဆိုတဲ့ အတွေးအခေါ်ပါကွယ်။
အို ကုန်ကုန်ပြောရရင် သက်ရှိမှန်သမျှဟာ တစ်ခုအပေါ်တစ်ခုအပြန်အလှန်အားကိုးတတ်ကြတာဟာ ရှင်သန်ခြင်းရဲ့ အခြေခံအကျဆုံးသော အုတ်မြစ်တွေပါပဲ။ အသက်ရှင်သန်ကျန်းမာဖို့အတွက် အစားအသောက်တွေကိုအားကိုးရတယ်၊ အသုံးဆောင်ပစ္စည်းတွေကို အားကိုးရတယ်။
အပင်တွေတောင်မှ ရှင်သန်ကြီးထွားနိုင်ဖို့အတွက် မြေဆီမြေဩဇာတွေကိုစုပ်ယူရတယ်၊ နေရောင်ခြည်နဲ့အစာချက်ရတယ်၊ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေကိုအားကိုးရတယ်။ ဝတ်မှုန်ကူးဖို့ ပျား၊ လိပ်ပြာ၊ ငှက်တွေနဲ့ ပိုးဖလံလေးတွေကို အားကိုးရတယ်။ ဝါယောသတ္တိလေကိုမှအတိ အားကိုးရတယ်လေ။
အစာကွင်းဆက်သီအိုရီတွေကစလို့ ဆေးပေး မီးယူ၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုတဲ့စကားပုံတွေအဆုံး ဒီစကြဝဠာကြီးတစ်ခုလုံးဟာ အားကိုးတွယ်တာခြင်းသဘောတွေနဲ့ လည်ပတ်နေတာပါပဲကွယ်။
ခင်မောင်တိုးရဲ့ “လိုအပ်ချက်ကလေးများ” သီချင်းထဲက
“ထီးတစ်လက်သာ ပါမယ်ဆို ဒီနေပူကို ကိုယ်လျှောက်ရဲပါတယ်၊ အကာအကွယ်မပါဘဲ အပူဒဏ်ခံလို့တော့ ဇွတ်တိုး မမိုက်ချင်ဘူးကွယ်” “တက်တစ်ချောင်းသာ ပါမယ်ဆို ဒီလှေကိုလှော် ကျော်ဖြတ်ရဲပါတယ်၊ ရေပြင်ကျယ်ထဲကို လှော်စရာမပါဘဲတော့ မကြောက်တမ်း မစွန့်ဝံ့ဘူးကွယ်” ဆိုသလိုပေါ့။
ဘဝဆိုတာကလည်း ဒီလိုပါပဲကွယ်။
ခြောက်ပြစ်ကင်းသဲလဲမစင်တဲ့အချိန်တွေရှိမယ်။ တစ်ခါတရံမှာ အံမဝင်ဂွင်မကျတဲ့အဖြစ်တွေနဲ့ပြည့်နှက်နေလိမ့်မယ်။
တစ်ခါတလေ ပူလောင်တဲ့ ခရီးရှည်ကြီးတွေကို လျှောက်ရတတ်ပြီး လေထန်လှိုင်းကြမ်းတဲ့ မြစ်ပြင်ကျယ်ကြီးတွေကိုလည်း ဖြတ်ကူးရတတ်တယ်။ မိုးဒဏ်လေဒဏ်ခံရချိန် မိုးလုံလေလုံမယ့် အသိုက်အမြုံလေးတစ်ခုကိုလိိုလိမ့်မယ်။ ပိန်းပိတ်အောင်မှောင်လွန်းတဲ့ညည့်ယံမျိုးမှာ လမ်းပြပေးမယ့် ဓူဝံကြယ်လို၊ လဲကျတဲ့အခါ ကျမျက်ရည်တွေကိုသုတ်ပြီး တွဲထူပေးမယ့်လက်တစ်စုံလို။ ဟန်ချက်ကို ထိန်းညှိပေးမယ့်သူလို။
ကိုယ်ဟာမင်းအတွက် ဒီလို။
ဘဝကန္တာရခရီးလမ်းဟာ ကြမ်းပါတယ်။
အို……..ချစ်ရတဲ့သူရယ်
ကိုယ့်အတွက်လည်း အားကိုးလေးတစ်ခုတော့ ရှိထားမှဖြစ်မယ်။ ။
ယောနသံ







