စက်သုံးဆီဝယ်ယူရန် ခက်ခဲနေသည့်အတွက် မွန်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် မော်တော်ယာဉ်အချို့ ရပ်နားမှုများ ရှိလာကြောင်း ယာဉ်လိုင်းပြေးဆွဲနေသူများထံမှ သိရသည်။
စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရသည့်အပြင် ဆီအရောင်းဆိုင်အချို့တွင် ဆီပြတ်လပ်၍ အရောင်းပိတ်ထားခြင်းကြောင့် မော်တော်ယာဉ်အများစု ရပ်နားထားကြရပြီး၊ အချို့မှာလည်း တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့်သာ ပြောင်းလဲပြေးဆွဲနေရကြောင်း သိရသည်။
“ဆီက သူတို့ကန့်သတ်ထားတဲ့ ပမာဏအတိုင်းတောင် ဝယ်လို့မရဘူး အခုက။ တချို့ဆီဆိုင်ဆိုရင် ဆီမရှိလို့ ပိတ်ထားကြတယ်။ ရတဲ့ဆိုင်မှာလည်း ဥပမာ တစ်သိန်းဖိုး ဝယ်လို့ရတယ်ဆိုပေမဲ့ ဆီမရှိတော့ ငါးသောင်းဖိုးပဲ ရတာမျိုး။ ဆိုတော့ ဆီရဖို့က အခက်အခဲတွေ အများကြီးရှိတယ်။ စုံ၊ မ ခွဲတာကလည်း မရှင်းဘူး။ ကားဆွဲဖို့က ဘယ်လိုမှ အဆင်မပြေတော့ နားထားလိုက်တယ်။ အများစုလည်း အဆင်မပြေကြတော့ နားကြရတာပေါ့” ဟု သံဖြူဇရပ်-ရန်ကုန် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
မွန်ပြည်နယ်တွင် စက်သုံးဆီရောင်းချရာ၌ ဆိုင်ကယ်တစ်စီးလျှင် ၅,၀၀၀ ကျပ်၊ အိုးဝေ (သုံးဘီး) တစ်စီးလျှင် ၁၀,၀၀၀ ကျပ်၊ အိမ်စီးကားတစ်စီးလျှင် ၃၀,၀၀၀ ကျပ်၊ ခရီးသည်တင်ယာဉ်တစ်စီးလျှင် ၁၀၀,၀၀၀ ကျပ်၊ ပရီမီယံဒီဇယ်ယာဉ် နံပါတ်အနီလျှင် ၄၀,၀၀၀ ကျပ်နှင့် နံပါတ်အနက်လျှင် ၃၀,၀၀၀ ကျပ်သာ ရောင်းချရန် စစ်အာဏာရှင်က ကန့်သတ်ထားသည်။
အချို့ယာဉ်မောင်းများသည် ပြင်ပဈေးကွက်တွင် စက်သုံးဆီကို ဈေးကြီးပေးဝယ်၍ ပြေးဆွဲနေကြသော်လည်း ပြင်ပဈေးကွက်၌ ဆီဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာသည့်အတွက် မတတ်နိုင်တော့ဘဲ လုပ်ငန်းရပ်နားရသည် မျိုးလည်းရှိကြောင်း သိရသည်။
အလားတူ စက်သုံးဆီပြတ်လပ်ပြီး ဝယ်ယူရခက်ခဲလာခြင်းကြောင့် ဆိုင်ကယ်တက္ကစီနှင့် သုံးဘီးဆိုင်ကယ် ပြေးဆွဲနေသူများလည်း ရပ်နားလာကြကြောင်း သိရသည်။
“တန်းစီတာက နေ့တစ်ဝက်လောက် ကုန်နေပြီ။ ရမှာကလည်း ငါးထောင်ဖိုးပဲ။ အခုဈေးနဲ့ဆို ငါးထောင်ဖိုးက တစ်လီတာလောက်ပဲ ရတယ်။ ဆီတစ်လီတာနဲ့က ဘယ်လိုလုပ်စားရမလဲ။ ဆီမရှိတာနဲ့ ကြုံရင်လည်း တန်းစီပေမဲ့ မရဘူး” ဟု မော်လမြိုင်မြို့မှ ဆိုင်ကယ်တက္ကစီ ပြေးဆွဲနေသူတစ်ဦးက ပြောသည်။
ယနေ့ မတ်လ ၂၁ ရက်တွင် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ 95 ဓာတ်ဆီတစ်လီတာလျှင် ၃,၉၅၅ ကျပ်၊ 92 ဓာတ်ဆီတစ်လီတာလျှင် ၃,၇၆၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၅,၀၄၅ ကျပ်ဖြင့် ရောင်းချနေသော်လည်း၊ ပြင်ပမှောင်ခိုဈေးကွက်တွင်မူ တစ်လီတာလျှင် ကျပ် ၁၃,၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေကြောင်း သုံးစွဲသူများထံမှ သိရသည်။







