ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော ကလေးငယ်များအပါအဝင် မြန်မာနိုင်ငံသား ၆၂ ဦးကို ယနေ့ (မတ် ၂၁) နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
စန်ခရာဘူရီဒေသမှတစ်ဆင့် ထုန်းဖားဖမ်းဒေသသို့ လှေဖြင့် နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်လာကြောင်း သတင်းရရှိသဖြင့် နယ်ခြားစောင့်တပ်များက သွားရောက်စစ်ဆေးခဲ့သည်။
ဘန့်ထာ့ဖဲဒေသရှိ ကမ်းနားသို့ ရောက်ရှိသောအခါ ခြေရာများတွေ့ရှိသဖြင့် အာဏာပိုင်များက ခြေရာများအတိုင်း တောထဲအထိ လိုက်လံစစ်ဆေးခဲ့ရာမှ မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။






ဖမ်းဆီးခံရသူများတွင် အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၁၃ ဦးနှင့် အရွယ်မရောက်သေးသော ကလေးငယ် ၄ ဦးတို့ ပါဝင်ပြီး အားလုံးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။
မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်အသီးသီးတွင် လုပ်ကိုင်နိုင်ရန် ပွဲစားများကို ဘတ် ၁၅၀၀၀ မှ ၂၅၀၀၀ အထိ ပေးချေ၍ ဝင်လာခဲ့ကြကြောင်း ဖြေကြားထားသည်။
ဖမ်းဆီးခံရသူများကို ဥပဒေအရ ဆောင်ရွက်နိုင်ရေး ထုန်းဖားဖမ်းရဲစခန်းသို့ ခေါ်ဆောင်ထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်းရှိ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစု ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုများပြားလာခဲ့ပြီး ယခုအပတ်အတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူ ၁၈၀ ကျော်အထိ ရှိလာခဲ့ကြောင်း အချက်အလက် စုစည်းမှုအရ သိရသည်။
ယင်းမှာတရားဝင် ထုတ်ပြန်ချက်များအရ သိရသည့် ပမာဏဖြစ်ပြီး မြေပြင်အခြေအနေတွင် ဖမ်းဆီးခံရမှုမှာ ယခုထက်ပိုမိုနိုင်သည်။
Ref: ข่าวภูมิภาคกาญจนบุรี