မှတ်ဉာဏ်က ဒဏ်ရာကိုပြောတယ်၊ အဲဒါမင်းရဲ့ကံကြမ္မာပဲ။ ဒဏ်ရာကပြန်ပြောတယ်။ အဖန်တစ်ရာဆိုလည်း လက်မခံဘူး မှတ်ဥာဏ်ရေ။ ကိုယ့်မှာ ဒဏ်ရာကော မှတ်ဉာဏ်ပါသေချာ ပေါက်ရှိပါတယ်။ မှတ်ဉာဏ်အချို့ကို လက်မခံချင်ဘူး။ ပါမန်းနန့်ဒလိထ် လုပ်ပစ်ချင်တာ။ လုံးလုံးဝဝ ကို ဖျက်ပစ်လိုက်ချင်တာ။
ဒဏ်ရာအချို့အခင်းအကျင်းဟာ ကံကြမ္မာချို့ယွင်း ဟင်းလင်းမှုကြောင့်ဆိုတာကိုလည်း တစ်စိပ်တစ်ပိုင်းပဲ ခံယူရှုမြင်နိုင်တယ်။ ကံ ဆိုတာ အလုပ်လို့ သတ်မှတ်ကြတယ် ဆိုရင်ပေါ့။ မှတ်ဉာဏ်နဲ့ဒဏ်ရာဆိုတာ လက်ခံတဲ့ ကံကြမ္မာလိုပါပဲ။
မှတ်ဉာဏ်ဆိုတာ မှတ်သား။ မှတ်မိနေတာ။ ရွှံ့ပျော့ပျော့မှာ ကျွံဝင်စူးနစ်သွားတဲ့အရာ၊ တချို့ဆို သေရာပါလို့။ ကလေးငယ်တစ်ယောက်ရဲ့ ရင်ဘတ်နုနုလေးဟာ ဖယောင်းရည်ပူမှာ သွန်းလောင်း ပုံထွင်းခံခဲ့ရသလိုမျိုး။ အဆိုးချည်းပဲ လည်းမဟုတ်ပြန်ဘူး။ ကောင်းတဲ့အမှတ်တရ တွေလည်းရှိတယ်။
ခြံဝန်းဂိတ်တံခါးစီကနေ အိမ်ရှေ့အထိ မောင်းဝင်လာတဲ့လင်န်းရိုဗာ အင်ဂျင်စက်သံ တဗျဲဗျဲကြားလိုက်ရတယ်။ အဖေပြန်လာပြီ။ အိမ် ဧည့်ခန်းတံခါးဆီ အပြေးသွားပြီး တံခါးဖွင့်ရင်း တံခါးနားမှာပဲရပ်နေတယ်။ အဖေ့ကို စောင့်ကြိုနေတာ။ ကားစက်ကိုအမြန်သတ်ပြီး အဖေ အပြေးဆင်းလာတယ်။ စွေ့ကနဲ ပွေ့ချီတယ်။ ပျော်လိုက်တာ။ နောက်မှသိလိုက်ရတာက ကိုယ် မတ်တပ်ရပ်နေတဲ့အိမ်တံခါး ကြားမှာ မြွေနှစ်ကောင်၊ တစ်ကောင်နဲ့တစ်ကောင်လိမ်တွန့်ပတ်ခွေနေကြတာ။
အဲဒီ ခဏ ပျော်လိုက်ရတာကော၊ ကြောက်ခဲ့ရတာကော ရုပ်ရှင်ပြကွက်တစ်ခုလို အသေးစိတ် မှတ်မိနေတုန်းပဲ။ ကိုယ် ငါးနှစ် သားအရွယ်ကပေါ့။ အဖေက ရေနံအင်ဂျင်နီယာ။ ကိုယ်တို့နေခဲ့တာ ချောက်ရေနံမြေ၊ ပျဥ်းမကုန်းက အရာထမ်းအိမ်မှာ။ ဌာနက ကားက လင်န်းရိုဗာ။ နံပါတ်က င/၇၃၇၄။
အသက် ၅ နှစ်မှာ သူငယ်တန်း စတက်ရတယ်။ ကျောင်းစတက်ရတဲ့ မနက်ခင်းမှာ လိုက်ပို့တဲ့ အမေ့လက်ကို ကုတ်ခြစ်ခဲ့လို့ အမေ့လက်ဖျံမှာ လက်သည်းရာအစင်းတွေ ဖြစ်သွားတဲ့ ဒဏ်ရာကို မှတ်မိနေတယ်။ အဲဒါ ၅ နှစ်သားတုန်းက မှတ်ဉာဏ်အချို့ပါ။
လက်ရှိရောက်ရှိကာလကနေ လွန်ခဲ့တဲ့ ၅ နှစ်စွန်းစွန်းက ရခဲ့တဲ့ဒဏ်ရာတွေ၊ အဲသည့် ၅ နှစ် ကျော်ြဖတ်သန်းလာရင်း အခုအချိန်အထိရရှိနေဆဲ ဒဏ်ရာတွေ ကိုယ့်မှတ်ဥာဏ်ဟာ ထက်ထက်သန်သန်ကိုမှတ်သားမိနေပါတယ်။ ဖျက်ဖို့မလွယ်တဲ့ဒဏ်ရာတွေ။ စိတ်အနာ လိပ်ပြာအတောင်ပံကျိုးသလို ဆိုးရွားတဲ့စိတ်ဒဏ်ရာတွေပါပဲ။
မှတ်ဉာဏ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ မှတ်ဉာဏ်အမျိုးအစားအလိုက်ခွဲခြားရှင်းပြထားတယ်။ တစ်ခုက ဆက်စပ်မှတ်ဥာဏ်။ ဥပမာပေးထားတာက လူတစ်ယောက် လမ်းလျှောက်လာရင်း လမ်းထောင့်ချိုးတစ်ခုအရောက်မှာ ကားနှစ်စင်း ရုတ်တရက် တိုက်မိသွားတာကို တွေ့တယ်။ အဲသည်လူဟာ နောက်ပိုင်းမှာ အဲသည့်လမ်းထောင့်ချိုးနေရာကိုရောက်တိုင်း ကားနှစ်စင်း တိုက်မိခဲ့တာကို မှတ်မိနေပါတယ်။
သည် ၅ နှစ်ကျော်ကာလအတွင်းမှာလည်း ကိုယ်မြင်ခဲ့ရတဲ့ ထိခိုက်ဒဏ်ရာဖြစ်ရပ်တွေ၊ ဦးခေါင်းတည့်တည့်ကို သေချာချိန်ပြီး သေနတ်နဲ့အပစ်ခံရ လို့ကျဆုံးသွားခဲ့ကြရတဲ့ လူငယ်တွေ၊ ဗုံးဆန်တွေကြောင့် မွစာကျဲသွားတဲ့ ဦးနှောက်နုနု လေးတွေ စတဲ့နာကျင်စရာ ဒဏ်ရာတွေဟာ ကိုယ့်မှတ်ဥာဏ်မှာ လက်ခံမထားချင်တော့တာတောင် မေ့မနေပြန်ဘူး။
သေနတ်ကျည်ဆန်ကြောင့် ပွင့်ထွက်သွားတဲ့ဦးခေါင်း၊ ဗုံးဒဏ်ကြောင့် ကြေမွသွားတဲ့ဦးခေါင်းခွံတွေထဲက ဦးနှောက်တွေသာ စုတ်ပြတ်သွားတယ်၊ အထဲကမှတ်ဥာဏ်တွေကတော့ လက်ခံသူတွေအားလုံးစီကို ဒေတာတွေအော်တိုရောက်လာပြီး သိမ်းဆည်းထားကြပြီးသားဖြစ်နေပြီ။
ခန္ဓာဒဏ်ရာ၊ ထရော်မာဆိုတဲ့ စိတ်အနာတရဒဏ်ရာအားလုံးဟာ ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ကြသူတွေ၊ အခုအချိန်ထိလည်း နာကျင်နေရဆဲ ဒဏ်ရာတွေဟာ မှတ်ဉာဏ်ဖိုင်လ်တွေအဖြစ် ပေးပို့ ရောက်ရှိ လက်ခံဖို့ ဘာအင်တာနက် လိုင်းမှမလိုဘူး။ လူသားဆန်သူတိုင်း၊ မျှဝေစာနာခံစားနိုင်သူတိုင်းရဲ့ ကိုယ်စီ မင်မိုရီမှာအလိုအလျောက် ဆေ့ဖ်ထားမိကြတာပဲ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခု ၅ နှစ်ကျော် ကာလအတွင်း ကိုယ်တို့တိုင်းပြည်ဟာ အနာတရဒဏ်ရာများစွာနဲ့ ချွတ်ခြုံကျသွားတဲ့အခြေအနေကို နိုင်ငံခြား ပြည်ပ ပညာရှင်တချို့ကတောင် လေ့လာဆန်းစစ် မှတ်တမ်းပြုစုပြီး အခါအခွင့်သင့်သလို ကမ္ဘာကိုထုတ်ဖော်ပြောနေကြပါတယ်။
ကမ္ဘာကြီးက နှာစီး(စေး)နေသလား၊ အထာကြီးနေသလား ဘာလား ညာလား စောကြောမနေတော့ပါဘူး။ ကိုယ့်ဒဏ်ရာ တွေကို ကိုယ်တိုင်ခံစားနေပြီပဲ။ ဒဏ်ရာတွေပြင်းသလား၊ ကျန်သေးသလား၊ စုထား။ ကံကြမ္မာကိုပြောင်းဖို့ ဒဏ်ရာတွေအကြောင်း ကောင်းစွာသိရှိစုဆောင်းကြစို့။ တိုင်းပြည်ဟာသည် ၅ နှစ်ကျော်အတွင်း ကမ္ဘာ့အလယ် အပယ်ခံနိုင်ငံဖြစ်သွားပြီလို့ သြစတေးလျကပါမောက္ခ ရှောင်တာနယ်လ် ပြောတာပဲ။
ကိုယ်တို့အချင်းချင်း မပယ်ကြဖို့၊ ဒဏ်ရာရှင်တွေ အပယ်ခံဖြစ်မနေဖို့အရေးကြီးတာ။ ကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာ၊ ပြည်တွင်းထုတ်ကုန်တန်ဖိုး ဂျီဒီပီ ထက်ဝက်ကျဆင်းတာ၊ အလုပ်လက်မဲ့ပြဿနာ စတာတွေ ရစရာကိုမရှိဘူး၊ ပြောပြသွားတာ။ မြန်မာနိုင်ငံရဲ့အနာဂတ် ဘာဖြစ်လာနိုင်သလဲဆိုတဲ့ခန့်မှန်းဆွေးနွေးချက်ကို ပညာရှင်ရှုထောင့်က ပြောတာပါ။ ကျေးဇူးတင်စရာကောင်းပါရဲ့။
ဒဏ်ရာတွေကိုမီးမောင်းထိုးပြတာ။
အဲသည့်ဒဏ်ရာတွေစီကပေးပို့တဲ့မှတ်ဥာဏ်တွေကို ဝေဒနာတွေလျော့ပါးသက်သာစေဖို့၊ ဒဏ်ရာနဲ့ တန်ရာကိုပြန်လည်ရယူနိုင်ဖို့ ကိုယ်တို့သည်နေ့အထိအသက်ရှု ရပ်တည်နေနိုင်ကြတာဟာ အခွင့်အလမ်းအဖြစ်ခံယူလုပ်ဆောင်ကြဖို့ပဲမဟုတ်လား။
မြန်မာနိုင်ငံမှာရစ်(ခ်)တာစကေး ၃၊ ၄ လောက် အခုတလော ရက်ခြားဆိုသလိုလှုပ်နေတဲ့ ငလျင်တွေဟာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်မှာ လှုပ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲ ငလျင်တွေအဖြစ် အကြိမ်ရေ ၂၈၀ နီးပါးရှိလာနေတယ်။ ငလျင်ကြီးဒဏ်ကိုခံခဲ့ရသူများ အတွက်တော့ ငလျင်ငယ်လေးတွေဆိုပေမဲ့ သိမ့်ကနဲဖြစ်ရုံနဲ့တောင် ကယောင် ခြောက်ခြားတုန်လှုပ်စေတဲ့ဒဏ်ရာပါ။
တစ်နှစ်လောက်ကြာလာချိန်အထိ ပျက်စီးဆုံးရှုံးမှု ဒဏ်ရာ၊ ရုပ်ခန္ဓာထိခိုက်ဒဏ်ရာ၊ စိတ်အနာဒဏ်ရာတွေဟာအချို့မှာကုသနေရတုန်းပါပဲ။ မိနစ်ပိုင်းလောက်ပဲ လှုပ်ခဲ့တဲ့ငလျင်ကြီးကြောင့်ရရှိခဲ့တဲ့ဒဏ်ရာတွေဟာ တစ်နှစ်ဆိုတဲ့အချိန်တို အတွင်း မပျောက်ကင်းနိုင်သေးပါဘူး။ နှစ် ၂၀ နီးပါးရှိလာတဲ့ နာဂစ်မုန်တိုင်းက ပေးခဲ့တဲ့ ဒဏ်ရာတွေလည်း အခုထိအနာမကျက်ကြတဲ့ဘဝတွေ ရှိနေတုန်းပါ။
လတ်တလော မှာတော့ သည် ၅ နှစ်ကျော်ကာလအတွင်းကြုံကြရတဲ့ ရုပ်ဒဏ်ရာ စိတ်ဒဏ်ရာ ဘဝဒဏ်ရာ များစွာအတွက် ဒဏ်ရာရှင်တွေကိုယ်တိုင် မယိုင်မလဲဘဲ ခိုင်မြဲမတ်တည်နေနိုင်ဖို့အဓိကဖြစ်ပါတယ်။ စိတ်ဒဏ်ရာတွေကို ကောင်းကျိုးအတွက်အသုံးချနိုင်ပါတယ်။ Post-traumatic Growth လို့ဆိုနိုင်ပါတယ်။
ကိုယ်တို့ကိုယ်စီ ကိုယ့်ကိုကိုယ် ပိုမိုနားလည်လာရမယ်။ ဘာကိုကြောက်တာလဲ၊ ဘာကြောင့်နာကျင်မှုဖြစ်စေလဲ စသဖြင့် ကိုယ့်စိတ်ကို ပိုသိလာတဲ့အခါ Resilience – စိတ်ခိုင်မာတောင့်တင်းမှု တိုးလာပါမယ်။ တခြားသူများကို နားလည်စာနာနိုင်လာမယ်။ အဲသလိုဒဏ်ရာတွေကို ကျော်လွှားလာနိုင်ပြီး နာကျင်သူအချင်းချင်း၊ ဒဏ်ရာရှင်အချင်းချင်း ဘဝတန်ဖိုးတွေ စံနှုန်းတွေကို လေးစားတန်ဖိုးထားနိုင်ကြရမှာ ဖြစ်ပါတယ်။
ဒဏ်ရာရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ပါတယ်။ ကိုယ်တစ်ဦးတည်းနဲ့တော့ ဘယ်လွယ်ပါ့မလဲ။ ကံကြမ္မာကိုပြောင်းလဲမယ်ဆိုသူ မှတ်ဉာဏ်ရှင်များ လာကြပါ။ ကိုယ်တို့မှတ်ဉာဏ်တွေထဲမှာ ဒဏ်ရာကိုပဲ ခံစားမနေကြနဲ့တော့။ နာရီတွေကိုဝယ်ကြပါ။ မရောင်းကြပါနဲ့။ ကိုယ့်ကိုကိုယ်လက်ခံခြင်းတွေကို ငြင်းပယ်မယ်။ ကိုယ့်ကိုကိုယ်ချစ်ခြင်းကို ငြင်းမယ်။ သီချင်းတွေ အတူဆိုကြရအောင်။ ကောင်းကင်ကြီး ပွင့်ထွက်သွားပါစေ။ ကြွေလွင့်သွားတဲ့ ကြယ်ပွင့်လေးတွေအတွက် ဆုတောင်းပေးကြပါ။ ပြည့်တာမပြည့်တာ စောင့်ကြည့်မနေတော့ဘူး။
စကားပြောနေတဲ့ပန်းချီကားတစ်ချပ်ရှေ့မှာ နှုတ်ဆိတ်ဆွံ့အ သွားတဲ့တေးသံစဥ် အချို့ရှိတယ်။ အလိုမပြည့်နိုင်တဲ့သက်ပြင်းမောတွေနဲ့ ခပ်ထောင်ထောင် အတ္တကောင်တွေ။ စနစ်တကျကို ဖရိုဖရဲနိုင်လှတဲ့ဒဏ်ရာတွေဟာ သပ်သပ်ရပ်ရပ်လေးပဲ ပရမ်းပတာဖြစ်နေပါစေ။
သည်ငါးနှစ်အတွင်း အိပ်မက်တွေထဲမှာတောင် ကြောင်တောင်တောင်အိပ်ရေးပျက်နေကျ။ ရင်ဘတ်ထဲကို ခေါင်းနဲ့ခူးခပ်ကြည့်လိုက်ပါ။ အမှိုက်ကားတစ်စင်းစာ ချစ်ခြင်းတွေ ပါလာလိမ့်မယ်။ မွှေးပျံ့မနေဘူးဆိုပေမဲ့ ပူနွေးစွတ်စိုပါတယ်။ မှတ်ဉာဏ်နဲ့ဒဏ်ရာဆိုတာ လက်ခံတဲ့ ကံကြမ္မာလိုပါပဲ။ သည်တခါတော့ ဒဏ်ရာက မှတ်ဉာဏ်ကိုပြောတယ်။ အဲဒါမင်းရဲ့ထက်သန်မှုပဲ၊ မနက်ဖြန် တခုစီတိုင်းအတွက် ကိုယ်တို့အတူ ရှေ့ဆက်ကြမယ်လေ။
ကိုအားပို







