ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သဲဖြူရွာအနီးရှိ စစ်ဘေးရှောင် ၁,၅၀၀ ခန့်အတွက် ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်

January 21, 2026

ပုံစာ - သဲဖြူရွာ စစ်ဘေးရှောင်များ

တနင်္သာရီမြို့မှ မောတောင်မြို့သို့ သွားရာလမ်းပိုင်းတွင် ကာလရှည်တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် သဲဖြူရွာဝန်းကျင်တွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင် ၁,၅၀၀ ဝန်းကျင်မှာ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

သိန်ခွန်းရွာရှိ စစ်အာဏာရှင်တပ်သားများ သဲဖြူရွာသို့ စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် အောက်တိုဘာလ ၁၄ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် သဲဖြူရွာမှ ဒေသခံများ စစ်ဘေးရှောင်နေရသည်မှာ နှစ်လကျော် ကြာမြင့်လာပြီဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။

စစ်ဘေးရှောင်များသည် စပါးရိတ်သိမ်းချိန်တွင် မရိတ်သိမ်းရဘဲ တိမ်းရှောင်ခဲ့ရသဖြင့် စားနပ်ရိက္ခာအတွက် ဆန်ကိုသာ အဓိကအားထားနေရပြီး ကျန်သည့် အခြေခံစားသောက်ကုန်များ မရှိတော့ကြောင်း ၎င်းကပြောသည်။

“ဆန်ရှိရင်ရပြီ ဆိုတဲ့စကားကို ကြားဖူးတယ်လေ့နော်။ အဲ့‌တော့ တစ်ခြားပစ္စည်းတွေ အခြေခံစားသောက်ကုန်တွေကို ညီမျှအောင် ပိုက်ဆံတွေကို သူများလှူလိုက်ရင်တောင်မှ သူတို့မဝယ်တော့ပဲ ဆန်တစ်မျိုးပဲဝယ်တဲ့ ပြဿနာတွေရှိလာတယ်” ဟု အထက်ပါ စစ်ဘေးရှောင်ကူညီသူက ဆိုသည်။

စားနပ်ရိက္ခာများကို စစ်ဘေးရှောင်ရာနေရာမှ သွားရောက်ဝယ်ယူပါက နှစ်ရက်ခန့် သွားရပြီး လမ်းခရီး ကြမ်းတမ်းလှသဖြင့် ပင်ပန်းခက်ခဲမှုများ ရှိနေကြောင်း စစ်ဘေးရှောင်ကူညီနေသည့် အမျိုးသားတစ်ဦးက ဆိုသည်။

“အခြေခံစားသောက်ကုန်အပြင် သက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေအတွက် အဟာရဖြည့်စွက်စာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်တယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် တောတောင်များထဲတွင် ခိုလှုံနေကြရသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ လာရောက်ကူညီသူ နည်းပါးနေသောကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ဆက်လက်လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ဆိုသည်။