ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်ကုရပ်ကွက်တွင် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသော မဲဆောက်ရဲစခန်းက ရဲတပ်ကြပ်ကြီးအတွက် မြန်မာနိုင်ငံသားများက စုပေါင်းသွေးလှူဒါန်းကြောင်း မဲဆောက်အခြေစိုက် ထိုင်းသတင်းထောက်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားသည်။
ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းက မယ်ကုရပ်ကွက် မဲဆောက်-အူဖန်းလမ်းပေါ် စတိုးဆိုင်အနီးတွင် လက်နက်မှောင်ခို ရောင်းဝယ်ရန် ဆိုင်ကယ်ဖြင့်လာသော မြန်မာနိုင်ငံသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရန် ကြိုးပမ်းစဉ် ရဲတပ်ကြပ်ကြီးကို မြန်မာနိုင်ငံသားတစ်ဦးက ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်ခံရသော ရဲတပ်ကြပ်ကြီးမှာ ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး မဲဆောက်ဆေးရုံကြီးတွင် အရေးပေါ်ကုသခဲ့ရကာ လက်ရှိတွင် အခြေအနေမှာ တည်ငြိမ်လာပြီဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ဆေးကုသမှုခံယူနေရသည့် ရဲတပ်ကြပ်ကြီးအတွက် မဲဆောက်ဆေးရုံတွင် လာရောက်သွေးလှူဒါန်းနိုင်ကြောင်း ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းတွင် မဲဆောက်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင် ထိုင်းနိုင်ငံသားများနှင့် မဲဆောက်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများက မဲဆောက်ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း ထိုင်းသတင်းထောက် ရေးသားဖော်ပြသည်။





မဲဆောက်ဆေးရုံတွင် ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦးကလည်း ရဲတပ်ကြပ်ကြီးနှင့် ဇနီးဖြစ်သူတို့ကို မြန်မာနိုင်ငံသားများ ကိုယ်စား အနူးအညွတ်တောင်းပန်ခဲ့ကြောင်း လူမှုကွန်ရက်တွင် ရေးသားထားသည်။
“သူတို့ကလည်း ကြည်ဖြူစွာနဲ့ လက်ခံပါတယ်။ သူတို့ နားလည်ပါတယ်။ ကိစ္စမရှိပါဘူးတဲ့။ အခုလို လာပေးတာကိုလည်း ကျေးဇူးတင်ပါတယ်တဲ့” ဟု ရဲတပ်ကြပ်ကြီးဘက်က ပြောဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ရေးသားထားသည်။
သွေးလှူဒါန်းပေးခဲ့ကြသော မယ်ပ၊ မယ်ကုဒေသခံများ၊ ကျောင်းသား ကျောင်းသူများ၊ စက်ရုံအလုပ်သမားများ၊ ရဲတပ်ဖွဲ့များနှင့် အခြားသူများအားလုံးကို ကျေးဇူးတင်ကြောင်း ထိုင်းနိုင်ငံသား အမျိုးသမီးတစ်ဦးကလည်း လူမှုကွန်ရက်တွင် ရေးသားထားသည်။
လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေသော မြန်မာနိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့က အင်အား ၁၀၀ ကျော်အသုံးပြု၍ အပူတပြင်းရှာဖွေနေပြီး သေနတ်၊ အဝတ်အစားနှင့် လွယ်အိတ်တို့ကို မြန်မာနိုင်ငံသားက ကြံခင်းထဲတွင် စွန့်ပစ်ထားသည်ကို တွေ့ရကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။
Ref & Photo – อกแม่สอด၊ မဲဆောက်ရဲစခန်း







