စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာများအနီးတွင် ဇန်နဝါရီလ ၂၀ ရက်တွင် စစ်အာဏာရှင်တပ်က တပ်ဖြန့်ထားကြောင်း ဒေသခံများက ပြောသည်။
လောင်းလုံးမြို့နယ်တွင် မြို့ပေါ် ရပ်ကွက် လေးခုနှင့် စခန်းကြီးကျေးရွာအုပ်စု၊ ကမြောကင်းကျေးရွာအုပ်စုနှင့် မောင်းမကန်ကျေးရွာအုပ်စုတို့တွင် ရွေးကောက်ပွဲကျင်းပမည် ဖြစ်သည်။
လောင်းလုံးမြို့သို့ ဝင်လာနိုင်သည့် လမ်းကြောင်းကို ဟန့်တားနိုင်ရန် မြို့အနီး သဗျာရွာသို့ စစ်ကြောင်းတစ်ကြောင်း တပ်ဖြန့်ထားကြောင်း ဒေသခံများက ဆိုသည်။
မောင်းမကန်ကျေးရွာအနီး ကျောက်ဆင်ကျေးရွာအုပ်စုသို့လည်း စစ်ကြောင်းတစ်ကြောင်း တပ်ဖြန့်ထားကြောင်း ၎င်းတို့က ပြောဆိုသည်။
သဗျာကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကြောင်းမှာ ယနေ့ ဇန်နဝါရီလ ၂၁ရက်တွင် ရွာချင်းဆက်ဖြစ်သည့် အင်းဇောက် ကျေးရွာ အနီးဝန်းကျင်တွင် ရောက်ရှိနေပြီး ကျောက်ဆင်ကျေးရွာသို့ရောက်ရှိနေသည့် စစ်ကြောင်းမှာ ပြင်ကြီးကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း ဒေသခံများက ပြောဆိုသည်။
ပြင်ကြီးရွာမှာ ကျောက်ဆင်ကျေးရွာအုပ်စုတွင် ပါဝင်သည်။
“ကျောက်ဆင်ကို မနေ့က အစောကြီးရောက်လာတယ်။ လူနေအိမ်တွေမှာ တပ်စွဲတယ်။ ကြက်တွေပစ်ပြီး ချက်ပြုတ် စားကြ တယ်။ ညအိပ်ပြီးတော့မှ ဒီမနက် သဘော့ဆိပ်ပြင်ကြီးဘက် ထွက်သွားကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ကျောက်ဆင်ကျေးရွာအုပ်စုတွင် တပ်ဖြန့်ထားသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းတွင် အင်အား ၂၀၀ နီးပါးရှိကြောင်း ဒေသခံများထံမှ သိရသည်။
စခန်းကြီးကျေးရွာအုပ်စုတွင်လည်း ဇန်နဝါရီလ ၁၈ ရက်က စခန်းကြီးကျေးရွာအနီးရှိ ခလရ ၁၀၄ တပ်ရင်းကို တော်လှန်ရေး တပ်တို့က ဒရုန်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်အာဏာရှင်တပ်က အင်အား ၁၀၀ ကျော် လာရောက် တပ်စွဲထားကာ တစ်ရွာဝင် တစ်ရွာထွက် သွားလာနေကြောင်း ဒေသခံများက ပြောဆိုသည်။
ယင်းသို့ တပ်ဖြန့်ထားခြင်းကြောင့် စခန်းကြီးကျေးရွာအုပ်စုနှင့် ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး စသည့်ကျေးရွာများမှ လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ကမြောကင်း ကျေးရွာအုပ်စုသည် ထားဝယ်မြို့အနီး မြစ်တစ်ဖက်ကမ်းတွင် တည်ရှိပြီး စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်လည်း ရှိသည်။
စခန်းကြီးကျေးရွာတွင် ဇန်နဝါရီလ ၂၀ရက် မွန်းလွဲပိုင်းက စစ်အာဏာရှင်တပ်သားများ လုံခြုံရေးလိုက်ပါပြီး မဲစာရင်းကိစ္စများ လိုက်လံဆောင်ရွက်နေချိန်တွင် ဒရုန်းဗုံးချမှုကြောင့် အရပ်သားများ ထိမှန်ပြီး သုံးဦးသေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့သည်။
ယင်းအပြင် စစ်အာဏာရှင်တပ်သားများ လုံခြုံရေးလိုက်ပါပြီး စခန်းကြီးကျေးရွာသို့ မဲပုံးများ၊ မဲပေးစက်များ လာရောက် ပို့ဆောင်သည့်အဖွဲ့ ကားဖြင့် ပြန်စဉ် လမ်းပိုင်းတွင် မိုင်းဆွဲခံရပြီး ပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ် ဖြစ်ပွားခဲ့သည်။
ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၃) တွင် တနင်္သာရီတိုင်းအတွင်းရှိ လောင်းလုံး၊ သရက်ချောင်း၊ ပုလောမြို့နယ်တို့ ပါဝင်သည်။







