တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ဆေးဝါးပြတ်လပ်နေပြီး ဆေးဝါးလိုအပ်ချက်မြင့်မားနေကြောင်း နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် တနင်္သာရီမြို့နယ်၌ ယားနာရောဂါအဖြစ်များနေပြီး လတ်တလော ဆေးဝါးပြတ်လပ်မှုများ ကြုံနေရသဖြင့် အိမ်တွင်းဆေးကုနည်းများဖြင့် ကုသပေးနေရကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
နွေဦးမေတ္တာ ကူညီနေသည့်နေရာတွင် စစ်ဘေးရှောင် ကိုးရာခန့် အရေပြားယားနာရောဂါ ခံစားနေကြရပြီး ဆေးဝါးပြတ်လပ် နေကြသဖြင့် အချို့စစ်ဘေးရှောင်များ ယားနာရောဂါအခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း စစ်ဘေးရှောင်အဖွဲ့ထံမှ သိရသည်။
ရာသီတုပ်ကွေး၊ နှာစေး၊ ချောင်းဆိုး၊ ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ သွေးတိုး၊ အာရုံကြော၊ နှလုံး၊ ဆီးချို စသော ဝေဒနာရှင်များအတွက်လည်း ဆေးဝါးလိုအပ်ချက် မြင့်မားနေပြီး ကုသရန်ပင် ဆေးမရှိတော့ကြောင်း နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့မှ မငြိမ်းက ပြောသည်။
“ဆေးတွေ ထပ်မစုနိုင်တာ သုံးလလောက်တောင် ရှိလာပြီ။ အခုအရင်က စုထားတဲ့ ဆေးတွေနဲ့ ကုသပေးနေရတယ်ပေါ့နော်။ ဆေးဝါးအပိုင်းနဲ့ ပြောရရင် ကျွန်မတို့ဆီမှာ ကုသမား (ဆေးကုသပေးမယ့်သူ) ရှိတယ်။ လူနာလည်း ရှိတယ်။ ဆေးမရှိတာ ပေါ့နော်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အလှူရှင်များလည်း လျော့နည်းလာနေပြီး ပြင်ပအလှူရှင်များ မရှိသည်မှာ သုံးလခန့် ကြာနေပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ဆေးဝါးလိုအပ်ချက်အနေဖြင့် တစ်လလျှင် စစ်ဘေးရှောင်ဦးရေ တစ်ထောင်အတွက် ဆေးဝါးများ ပုံမှန် ကူညီပေးရမည် ဖြစ်သော်လည်း လက်ရှိတွင် လူဦးရေ ဆယ်ဂဏန်းခန့်ကိုသာ ကူညီထောက်ပံ့ ပေးနိုင်ကြောင်း မငြိမ်းက ဆက်လက် ပြောဆိုသည်။
စစ်ဘေးရှောင်အများစုသည် တောထဲ တောင်ထဲတွင် ယာယီနေထိုင်သည့်အချိန် ချိုးရေမသန့်ရှင်းမှုနှင့် အခြားဓာတ်မတည့်မှု များကြောင့် အရေပြားရောဂါဖြစ်မှု ပိုများလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
စစ်အာဏာရှင်ဘက်က တနင်္သာရီမြို့နယ်အတွင်းသို့ ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားသဖြင့် မြို့နယ်အတွင်း ဆေးဝါးပြတ်လပ်မှုများ ကြုံလာရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်အဖွဲ့ထံမှ သိရသည်။
ယင်းအပြင် ဆန်ကဲ့သို့ စားနပ်ရိက္ခာများလည်း လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော ဒီဇင်ဘာလအတွင်း ဘန်းလမွတ်၊ ညောင်ပင်ကွင်း၊ လယ်တောင်ယာ၊ သိန်ခွန်းမှစ၍ သဲဖြူ၊ မောတောင်မြို့က ဒေသခံများ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင် ၂၂၀၀၀ ခန့် ရှိခဲ့ကြောင်း FE5 Tanintharyi လစဉ်အစီအရင်ခံစာအရ သိရသည်။







