ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ပလာတူငါး ဈေးကျပြီး ငါးကွမ်းရှပ် ဈေးတက်နေသည်။
ပြီးခဲ့သည့်သီတင်းပတ် ဒီဇင်ဘာလ ၁၄ ရက်က ထားဝယ်ဈေးကွက်တွင် ပလာတူး (ငါးလုံး) တစ်ပိဿာ ၁၃၀၀၀ ကျပ် စျေးရှိရာမှ ယခုသီတင်းပတ် ဒီဇင်ဘာလ ၂၀ ရက်တွင် တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ပလာလန်း တစ်ပိဿာ ၇၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်သို့ အသီးသီး ဈေးကျသွားသည်။
ထို့ကြောင့် တစ်ပတ်အတွင်း ပလာတူး တစ်ပိဿာလျှင် တစ်ထောင်ကျပ်၊ ပလာလန်းငါး တစ်ပိဿာလျှင် သုံးထောင်ကျပ် ဈေးကျသွားသည်။
သို့သော် ငါးကွမ်းရှပ်မှာမူ ဈေးတက်သွားသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်က ထားဝယ်ဈေးကွက်၌ ငါးကွမ်းရှပ် (လတ်) တစ်ပိဿာ ၂၃၀၀၀ကျပ်စျေးရှိရာမှ ဒီဇင်ဘာလ ၂၀ ရက်တွင် ၂၈၀၀၀ကျပ်သို့ ဈေးတက်သွားသည်ကို တွေ့ရသည်။
ထို့ကြောင့် ငါးကွမ်းရှပ် (လတ်) မှာ တစ်ပတ်အတွင်း တစ်ပိဿာ ငါးထောင်ကျပ် ဈေးတက်သွားခြင်း ဖြစ်သည်။
ထို့အတူ ငရုတ်သီးအခြောက်များမှာလည်း ဈေးတက်လျက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်က ရွှေအပ်ငရုတ်သီးအခြောက် တစ်ပိဿာ ၁၆၅၀၀ကျပ်မှ ယနေ့ ၁၇၅၀၀ကျပ်၊ ငရုတ်ပုခြောက် တစ်ပိဿာ ၃၇၀၀၀ကျပ်မှ ၃၇၅၀၀ ကျပ်သို့ ဈေးတက်သွားသည်ကို တွေ့ရသည်။
ထို့ကြောင့် တစ်ပတ်အတွင်း ရွှေအပ်ငရုတ်သီးခြောက် တစ်ပိဿာလျှင် တစ်ထောင်ကျပ်နှင့် ငရုတ်ပုခြောက်တစ်ပိဿာလျှင် ငါးရာကျပ် ဈေးတက်သွားသည်။
ဆန်၊ ဆီနှင့် အခြားစားဖိုဆောင်သီးနှံအချို့မှာမူ ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရှိရသည်။










