BREAKING
November 21, 2025

ထိုင်းကျောင်းသူကို အဓမ္မပြုကျင့်ရန် လုပ်ဆောင်မှုဖြင့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

November 20, 2025

ထိုင်းနိုင်ငံ၊ အန်ထောင်းခရိုင်တွင် ကျောင်းသူတစ်ဦး၏ အခန်းထဲဝင်ပြီး အတင်းအဓမ္မပြုကျင့်ရန် လုပ်ဆောင်သည်ဆိုပြီး မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၁၈ရက် ည ၁၁နာရီခွဲက အန်ထောင်းမြို့တွင် အသက် ၁၉နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦးတည်း အခန်းထဲ အိပ်ပျော်နေစဉ် အသက် ၂၈နှစ်အရွယ် မြန်မာနိုင်ငံသားက အခန်းထဲဝင်လာပြီး အဓမ္မပြုကျင့်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

ထိုင်းကျောင်းသူသည် ပင်ပန်း၍ ခေတ္တမှေးပြီး အိပ်ပျော်နေစဉ် အသံကြားသဖြင့် လန့်နိုးလာချိန် မြန်မာနိုင်ငံသားက အခန်းထဲရပ်နေပြီး သူမ၏ ကိုယ်ပေါ်သို့ ခုန်အုပ်ခဲ့သည်ဟု ထွက်ဆိုထားကြောင်း ဖော်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံသားက လက်ဖြင့် သူမကို တင်းတင်းကျပ်ကျပ် ပါးစပ်ပိတ်ခဲ့ပြီး ကိုယ်ဖြင့် အတင်းကပ်၍ အတင်းအဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း ဆိုသည်။

ထိုင်းကျောင်းသူက ရုန်းကန်၍ ခြေထောက်ဖြင့် မြန်မာနိုင်ငံသားကို ကန်ထုတ်ခဲ့စဉ် မြန်မာနိုင်ငံသားက အခန်းမှား ဝင်လာမိသည်ဟုဆိုကာ သူမ၏ ဖုန်းကိုယူဆောင်၍ ထွက်ပြေးသွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ထိုင်းကျောင်းသူက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီး မြန်မာနိုင်ငံသားကို လိုက်လံရှာဖွေစဉ် ညတွင်းချင်း ဖမ်းမိကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားသည် ရိုတီ (ပလာတာ) ရောင်းနေသူဖြစ်ပြီး အခင်းဖြစ်သောညက အရက်သောက်ထားသဖြင့် မူးနေကြောင်း ထွက်ဆိုထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသားက သူငယ်ချင်းထံလာစဉ် အခန်းမှားဝင်မိခြင်းဖြစ်ပြီး အခင်းချိန် အရက်မူးနေသဖြင့် အသိစိတ် ပျောက်နေကာ မမှတ်မိဟု ထွက်ဆိုကြောင်းလည်း ဖော်ပြသည်။

မြန်မာနိုင်ငံသားကို စစ်ဆေးရာ ပြီးခဲ့သောရက်များက မူးယစ်ဆေးသုံးထားသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှု၊ ညအချိန် ကျူးကျော်ဝင်ရောက်မှု၊ ခိုးယူမှု၊ မူးယစ်ဆေးသုံးစွဲမှုများဖြင့် မြန်မာနိုင်ငံသားကို အမှုဖွင့်ထားကြောင်း ရေးသားထားသည်။

Ref: Khaosod, CH 7