BREAKING
October 20, 2025

ချွန်ဘူရီတွင် အလုပ်ရှာခ ဘတ်တစ်သောင်းကျော်ပေးပြီး အလုပ်ဝင်သည့် မြန်မာ ၁၅၀ အလုပ်ရပ်နားခံရ

October 20, 2025

ပုံစာ - အလုပ်ဖြုတ်ခံရသော မြန်မာအလုပ်သမားများ။

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၁၅၀ ဦးသည် အလုပ်စမတ်ကြေး (အလုပ်ရှာဖွေခ) ဘတ်တစ်သောင်းကျော်ပေး၍ အလုပ်ဝင်ထားသော်လည်း အလုပ်ရပ်နားခံရကြောင်း ၎င်းတို့ကို ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သော ဧပြီလနောက်ဆုံးအပတ်က မြန်မာအလုပ်သမား ၁၅၀ ဦးသည် စီရချာဒေသရှိ ရေပူရေအေးခွက်စက်ရုံတွင် အလုပ်စမတ်ကြေး ဘတ် ၈၀၀၀ နှင့် အလုပ်ရှင်ပြောင်းခ ဘတ် ၄၅၀၀ ပေး၍ ဘတ်ငါးသန်းကုမ္ပဏီအကျိုးဆောင်မှတစ်ဆင့် အလုပ်ဝင်ထားကြကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

အလုပ်စမတ်ကြေးဆိုသည်မှာ အလုပ်သမားများက အကျိုးဆောင်များကတစ်ဆင့် အလုပ်ရှာဖွေသည့်အခါ ပေးရသည့် အခကြေးငွေ ဖြစ်သည်။

အလုပ်ဝင်ပြီးနောက် စက်တင်ဘာလနှင့် အောက်တိုဘာလအတွက် လုပ်အားခများကို အလုပ်ရှင်က မြန်မာအလုပ်သမားများကို မထုတ်ပေးတော့ကြောင်း ဆိုသည်။

အလုပ်ရှင်က လုပ်အားခများကို ထုတ်ပေးမည်ဟု ကတိပေးထားသော အောက်တိုဘာ ၁၅ ရက်အထိ လုပ်အားခများ မထုတ်ပေးသဖြင့် မြန်မာအလုပ်သမား ၁၅၀ ဦးသည် စက်ရုံထဲ အလုပ်မဆင်းဘဲ နေနေကြကြောင်း WAG ထံမှ သိရသည်။

အောက်တိုဘာလ ၁၆ ရက်တွင် အလုပ်ရှင်က အလုပ်သမားများကို ကြိုတင်အသိမပေးဘဲ ရုတ်တရက် အလုပ်ရပ်နားလိုက်ကြောင်း WAG အဖွဲ့ တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

ရုတ်တရက် အလုပ်ရပ်နားခံရမှုနှင့် လုပ်အားခများ ပြန်လည်ရရှိရန်အတွက် အလုပ်သမားများက WAG အဖွဲ့ကို ကူညီတောင်းခံခဲ့ကြောင်း ၎င်းက ဆိုသည်။

“အလုပ်သမားတွေက အခုအထိ အလုပ်မဆင်းရသေးဘူး။ ၅ ရက်တောင်ရှိနေပြီပေါ့နော်။ လုပ်အားခတွေလည်း မရကြသေးဘူးဆိုတော့ အမှုကို ဖြေရှင်းပေးဖို့ လာတိုင်ကြားထားတဲ့သဘောပါ။ ကျွန်တော်တို့က ရှေ့ဆက် ဖြေရှင်းပေးရမှာတွေ ရှိပါသေးတယ်” ဟု ကိုမုန်တိုင်းက ပြောဆိုသည်။

အလုပ်ဖြုတ်ခံရသော မြန်မာအလုပ်သမားများသည် ယင်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည်မှာ လုပ်သက် ၃ လမှ ၆ လအတွင်းသာ ရှိသေးကြောင်း WAG ထံမှ သိရသည်။

အလုပ်သမားတစ်ဦးလျှင် အနည်းဆုံး လုပ်အားခ ဘတ် ၁၀၀၀၀ ကျော် ရရှိမည်ဖြစ်သဖြင့် အလုပ်သမား ၁၅၀ အတွက် ဘတ် ၁၅ သိန်းကျော်ကို အလုပ်ရှင်က ထုတ်ပေးရမည်ဖြစ်ကြောင်း ကိုမုန်တိုင်းက ပြောသည်။

အလုပ်ရှင်ဘက်က အလုပ်သမားများကို လုပ်အားခ ရှင်ပေးထားပြီးဖြစ်ပြီး ကြားခံအကျိုးဆောင်များကသာ အလုပ်သမား များကို လုပ်အားခ မရှင်းပေးခြင်းဖြစ်နိုင်ကြောင်း အလုပ်ရှင်ဘက်က ပြန်လည်ပြောဆိုထားသည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာအလုပ်သမားများသည် လုပ်အားခ ပြန်လည်ရရှိရေးနှင့် အလုပ်ဖြုတ် မခံရရေးအတွက် တောင်းဆိုထားပြီး သက်ဆိုင်ရာ နယ်မြေအလုပ်သမားရုံးများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။