ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင် ဘုန်းကြီးကျောင်းထဲတွင် ကလေးငယ်များအပါအဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၄ ဦး ဖမ်းဆီးခံရပြီး လက်ခံထားသော ဆရာတော်နှစ်ပါးကိုလည်း လူဝတ်လဲစေကာ ဖမ်းဆီးကြောင်း ထိုင်းသတင်းဌာနများ တွင် ဖော်ပြသည်။
ဇွန်လ ၁၈ရက်တွင် စိုင်ယွတ်ဒေသမှ ကန်ချနဘူရီမြို့ထဲသို့ ကားတစ်စီး မောင်းနှင်လာသည်ကို တွေ့ရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ကြောင်း ဆိုသည်။
သို့သော်လည်း ကားသည် အစစ်အဆေးမခံဘဲ မောင်းပြေးသွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က နောက်ကလိုက်လံစစ်ဆေးစဉ် ကားသည် အစပျောက်သွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ထို့ကြောင့် နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ရှာဖွေစဉ် ကန်ချနဘူရီမြို့ထဲရှိ ဘုန်းကြီးကျောင်းထဲတွင် ကားရပ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။
ထို့နောက် အာဏာပိုင်များက ဘုန်းကြီးကျောင်းကို ဝင်ရောက်စစ်ဆေးရာ ကလေးငယ်များအပါအဝင် မြန်မာနိုင်ငံသား အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၉ ဦးနှင့် ကလေးငယ် ၅ ဦး စုစုပေါင်း ၃၄ ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။





၎င်းတို့ကို စစ်ဆေးရာ ထိုင်းနိုင်ငံထဲ နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ထိုင်းသို့ တရားမဝင် ဝင်လာကြပြီး ဘန်ကောက်၊ စမွတ်စခွန်၊ ချာချင်စောင်၊ ဖန်ငါး၊ ကော့စမွေ၊ စူရတ်ဌာနီခရိုင်များသို့ သွားရောက်လုပ်ကိုင်ရန် ဝင်လာခြင်းဖြစ်ကြောင်း ဆိုသည်။
၎င်းတို့ထဲတွင် မလေးရှားသွားရောက်ရန် ဝင်လာသူများလည်း ပါဝင်ပြီး ခရီးစရိတ်အနေဖြင့် ဘတ် ၃၀၀၀၀ မှ ၅၀၀၀၀ အထိ ကုန်ကျမည်ဖြစ်ကြောင်း ဖော်ပြသည်။
ယင်းအပြင် မြန်မာနိုင်ငံသားများကို နေထိုင်ခွင့်ပေးထားသော ဆရာတော်နှစ်ပါးကိုလည်း လူဝတ်လဲ၍ ဖမ်းဆီးခဲ့ပြီး ကားသမားကိုလည်း ဖမ်းဆီးခဲ့ကာ တရားမဝင် ဝင်ရောက်လာသူများကို ကူညီလက်ခံထားမှုဖြင့် အမှုဖွင့်ထားသည်။
မြန်မာနိုင်ငံသားများအပါအဝင် အားလုံးကို ကန်ချနဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: Kanchanaburi News, MGR Online, Khaosod