မွန်ပြည်နယ်တွင် မေလဆန်းပိုင်းခန့်ကစပြီး ရာသီတုပ်ကွေး ကူးစက်ဖြစ်ပွားမှု များပြားလာကြောင်း ကျန်းမာရေးဝန်ထမ်းနှင့် ဒေသခံတို့ထံမှ သိရသည်။
နွေရာသီအကုန် မိုးရာသီအဝင်ကာလတွင် ရာသီတုပ်ကွေး ကူးစက်ဖြစ်ပွားသူ သိသိသာသာ များပြားလာပြီး အထူးသဖြင့် ကိုယ်ခံအားနည်းသည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များတွင် ရောဂါဖြစ်ပွားမှု ပြင်းထန်သည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။
“ရာသီအကူးအပြောင်းကာလမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေးပေါ့၊ အခုဆိုရင် အတော်များများဖြစ်နေတာတွေ့ရတယ်။ ဆေးရုံ၊ ဆေးခန်းတွေဆိုရင်လည်း ရာသီတုပ်ကွေးနဲ့ ရောက်လာတာများတယ်။ သူက ကိုယ်ခံအားရှိနေတဲ့လူအတွက်က သိပ်စိုးရိမ်စရာမရှိပေမယ့် ကလေးတို့ သက်ကြီးရွယ်အိုတို့ဆိုရင် ဂရုစိုက်သင့်ပါတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။
ရာသီတုပ်ကွေးရောဂါသည် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။
ရာသီတုပ်ကွေးကူးစက်မှုကို သက်ကြီးရွယ်များ၊ ကလေးသူငယ်များတွင် အဖြစ်များနေပြီး အချို့ဆိုလျှင် ဝမ်းပျက် ဝမ်းလျှောပါ ဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။
“ရွာမှာ အိမ်တိုင်းလိုလို နေမကောင်းဖြစ်နေကြတယ်။ တုပ်ကွေးဖြစ်နေကြတယ်။ တစ်အိမ်လုံးကူး တစ်အိမ်လုံးဖြစ်ပြီးမှ ပျောက်တာ။ လူကြီး ကလေး အကုန်ဖြစ်နေတာ ရာသီဥတုကြောင့်ဖြစ်တာလေ။ တချို့ဆိုရင် ဝမ်းပျက်တာတွေပါ ဖြစ်ကြ တယ်” ဟု မုဒုံမြို့နယ်အတွင်းက အသက် ၆၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

ရာသီတုပ်ကွေးခံစက်ခံရသူများသည် ဖျားခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုး ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အစားအသောက်ပျက်ခြင်း အစရှိသည့် လက္ခဏာများ ခံစားရတတ်ကြောင်း ကျန်းမာရေးဌာနထံမှ သိရသည်။
ရာသီတုပ်ကွေးရောဂါကူးစက်ခံရလျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးဌာနတို့တွင် စောစီးစွာ ကုသမှု ခံယူရန် လိုအပ်ကြောင်း ကျန်းမာရေးဌာနက နှိုးဆော်ထားသည်။
မိုးရာသီကာလတွင် ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးများအပြင် အဖြစ်များနိုင်သည့် ပြန်းထန်ဝမ်းပျက်ဝမ်းလျှော (ကာလဝမ်းရောဂါ) ကိုလည်း သတိပြုကြရန်၊ ရောဂါဖြစ်ပွားလျှင် အချိန်မီကုသခံယူရန် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။
အချိန်မီကုသမှု မခံယူပါက အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်ကြောင်းလည်း သတိပေးထားသည်။