ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နွန်ထဘူရီမြို့ရှိ ကာရာအိုကေဆိုင်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၇ ဦး ယနေ့ မေလ ၂၀ ရက်နေ့တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
နွန်ထဘူရီမြို့ ဘန်းကရာစိုဒေသရှိ နွန်းဘိုင်ဖိန်းကာရာအိုကေဘားကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းထောက်လှမ်းစဉ် နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ဟုဆိုသည်။
ယင်းကာရာအိုကေသည် ဆိုရှယ်မီဒီယာပေါ်တွင် နိုင်ငံခြားသားများကြား နာမည်ကြီး ရေပန်းစားပြီး နိုင်ငံခြားသား အမျိုးသမီး အများစု လုပ်ကိုင်နေကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် ထိုင်းလဝကရဲတပ်ဖွဲ့က အသွင်ယူစုံစမ်းထောက်လှမ်းခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကာရာအိုကေထဲ ဝင်သွားသောအခါ နိုင်ငံခြားသား အမျိုးသမီးများက ဧည့်သည်များကို ထိုင်စကားပြောခြင်း၊ သီချင်းဆိုခြင်းများဖြင့် ဝန်ဆောင်မှုပေးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ဟုဆိုသည်။
ယင်းအလုပ်အကိုင်များက ထိုင်းအလုပ်သမားဥပဒေများကို ချိုးဖောက်နေကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ရဲတပ်ဖွဲ့ဝင်က ငွေရှင်းစဉ် အမျိုးသမီးတစ်ဦး ယူလာပေးသော QR Code ကို စကင်ဖတ်လိုက်ရာ မြန်မာနိုင်ငံသားတစ်ဦး၏ ဘဏ်အကောင့်တစ်ခုဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်က ကျန်ရဲတပ်ဖွဲ့ဝင်များကို အချက်ပြခဲ့ပြီး ဆိုင်ထဲလုပ်ကိုင်နေသော နိုင်ငံခြားသား ၇ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။



ဖမ်းဆီးခံရသော နိုင်ငံခြားသားများသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း Cop’s Magazine သတင်းဌာနက ဖော်ပြသည်။ ကျန်သတင်းဌာနများတွင် ရွှေ့ပြောင်းအလုပ်သမားများဟုသာ ဖော်ပြထားသည်။
၎င်းတို့ကို ထိုင်းနိုင်ငံထဲ အလုပ်လုပ်ခွင့် လက်မှတ်မရှိဘဲ လုပ်ကိုင်မှု သို့မဟုတ် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုဖြင့် အမှုဖွင့်ထားသည်။
အားလုံးကို နေထိုင်ခွင့် ဗီဇာများ ပြန်လည် ရုတ်သိမ်းမည်ဖြစ်ပြီး အမည်ပျက်စာရင်းသွင်းကာ နေရပ်ပြန်ပို့သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။
ဆိုင်ပိုင်ရှင်ဖြစ်သော ထိုင်းနိုင်ငံသားကိုလည်း တရားမဝင် နိုင်ငံခြားသားများကို အလုပ်ခန့်ထားမှုဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးခံရသူအားလုံးကို ရတ်တနာထီဘေစ့်ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။
ဆိုင်ထဲတွင် စီးပွားရေးအရ မြန်မာနိုင်ငံသား၏ ဘဏ်အကောင့်ကို အသုံးပြုနေသည်ကို တွေ့ရှိခဲ့သဖြင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဥပဒေများအရလည်း ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Khaosod English, Cop’s Magazine, Matichon Online, The Thaiger