ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းရောက် မြန်မာလုပ်သားများအတွက် ဒီဇင်ဘာ ၃၁ ရက်အထိ CI သက်တမ်းတိုးစခန်းများ ဖွင့်မည်

December 19, 2025

ပုံစာ - ပြီးခဲ့သော ၂၀၂၄ ခုနှစ်က စမွတ်ပရကန်ခရိုင်တွင် ဖွင့်လှစ်ခဲ့သော CI စခန်းတစ်ခု။

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ထုတ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) သက်တမ်းတိုးစခန်းများကို ဒီဇင်ဘာလ ၃၁ ရက်အထိ ထပ်တိုးဖွင့်လှစ်မည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက ယနေ့ ထုတ်ပြန်သည်။

CI စာအုပ် ထုတ်ပေးရေးစခန်းများကို ချင်းမိုင်၊ စမွတ်စခွန်၊ စမွတ်ပရကန်နှင့် စူရတ်ဌာနီခရိုင်များတွင် ဖွင့်လှစ်ထားပြီး ကရာဘီခရိုင်တွင်လည်း မိုဘိုင်းစခန်းတစ်ခု တိုးချဲ့ဖွင့်လှစ်ထားသည်။

ယင်းစခန်းများကို ဒီဇင်ဘာလ ၂၁ ရက်တွင် ပိတ်သိမ်းရန် ကနဦး ကြေညာထားသော်လည်း 7-Eleven စတိုးဆိုင်များတွင် ငွေပေးသွင်းသူများ ကျန်ရှိနေသည့်အတွက် လာမည့် ဒီဇင်ဘာလ ၃၁ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာမှုမရှိစေရန် သတ်မှတ်ကာလအမီ CI စာအုပ် သက်တမ်းတိုးစခန်းများတွင် လုပ်ဆောင်ကြရန် ရေးသားထားသည်။

CI မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ဖြစ်ပြီး နိုင်ငံကူးလက်မှတ် မရှိသော ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ခရီးသွားလက်မှတ်အဖြစ် ထုတ်ပေးထားသော စာအုပ်ဖြစ်ကာ သက်တမ်း ၄ နှစ်ရှိသည်။

CI စာအုပ် သက်တမ်းတိုးလိုသူများသည် 7-Eleven စတိုးဆိုင်များတွင် ငွေသွင်းပြီး ငွေသွင်းချလံနှင့်အတူ သက်ဆိုင်ရာ CI စခန်းများတွင် သက်တမ်းတိုးလုပ်ဆောင်ရမည်ဖြစ်သည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ရိုက်ထားသော မြန်မာအလုပ်သမားများအတွက်မူ CI စာအုပ်အသစ် ထုတ်ပေးမည့်အချိန်ကို ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။