ထိုင်းနိုင်ငံ တာခ့်ခရိုင်ထဲသို့ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၃၆ ဦးကို ယနေ့ နိုဝင်ဘာလ ၁၉ ရက် နံနက်သန်းခေါင်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။
မြန်မာနိုင်ငံ ရွှေ့ကုက္ကိုလ်ဒေသတွင် ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းခံရပြီးနောက်ပိုင်း တရားမဝင် ဝင်လာမှုများကို ဖမ်းဆီးနိုင်ရေး ထိုင်းနယ်ခြားစောင့်တပ်က တာခ့်ခရိုင် မယ်လမတ်ဒေသ နယ်စပ်တစ်လျှောက် တင်းတင်းကျပ်ကျပ် ကင်းလှည့်နေစဉ် မြန်မာနိုင်ငံသားများကို လယ်ကွင်းထဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၆ ဦးပါဝင်ပြီး အားလုံးသည် ထိုင်းနိုင်ငံထဲသို့ လှေဖြင့် တရားမဝင် ဝင်လာကြသူများဖြစ်သည်။
မြန်မာနိုင်ငံသားများက စမွတ်စခွန်ဒေသသို့ သွားရောက်ရန် ဝင်လာကြပြီး ပွဲစားများ လာခေါ်မည့်အချိန်ကို စောင့်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ အားလုံးကို ရွာသူကြီးအိမ်သို့ ခေါ်ဆောင်သွားပြီး မယ်လမတ်ရဲစခန်းသို့ လွှဲပြောင်း၍ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း ဖူးခက်သို့ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၁၉ ဦးနှင့် ကန်ဖမ်းဖက်ခရိုင်တွင် မြန်မာနိုင်ငံသား ၅၈ ဦး ဖမ်းဆီးခံရသေးသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ကန်ချနဘူရီရှိ အိမ်တစ်ဆောင်တွင် ရှိနေသော မြန်မာနိုင်ငံသား ၂၉ ဦး ဖမ်းဆီးခံရသေးသည်။
ထို့ကြောင့် ငါးရက်အတွင်း ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၁၅၀ ခန့် ဖမ်းဆီးခံရခြင်းဖြစ်သည်။
Ref: Thairath, CH 7







