BREAKING
October 21, 2025

ပွဲချီ တစ်ချီတည်းဖြင့် အောင်လအန်ဆန်း ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူ

November 19, 2022

ကချင်တိုင်းရင်းသား အောင်လအန်ဆန်းဟာ ဒီကနေ့ ကျင်းပတဲ့ One Championship ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပွဲစဉ်မှာ ပြိုင်ဘက်ဖြစ်တဲ့ ဂျပန်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ယူရှင်း အိုကာမီကို ပထမအချီမှာပဲ ဒိုင်ပွဲရပ်ရလဒ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။

ယူရှင်း အိုကာမီ ဟာ ပွဲစတာနဲ့ အောင်လအန်ဆန်းရဲ့ခြေထောက်ကို ချုပ်ကာ ဆွဲလှဲခဲ့ပြီး အောင်လအန်ဆန်းကို ချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

ချုပ်ကွက်မှာ နာမည်ကြီးတဲ့ မြန်မာ့စပါးအုံး အောင်လအန်ဆန်းက ယူရှင်း အိုကာမီရဲ့ချုပ်ကွက်တွေကို ဖောက်ထွက်နိုင်ခဲ့ပြီး အဲဒီနောက်မှာတော့ တရစပ်ဆိုသလိုပဲ တိုက်စစ်အားပြုတဲ့ ထိုးသတ်ချက်တွေကို စတင်နိုင်ခဲ့ပါတယ်။

အောင်လအန်ဆန်းရဲ့လက်သီးချက်တွေက ယူရှင်း အိုကာမီရဲ့ဦးခေါင်းနဲ့ မျက်နှာဆီကို မိုးသီးပေါက်ရွာကျသလို တရစပ် ရောက်ရှိလာခဲ့အပြီးမှာတော့ ဒိုင်လူကြီးက ပွဲကို ရပ်နားလိုက်ပြီး အောင်လအန်ဆန်းကို အနိုင်အဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။

အထူးသဖြင့် အောင်လအန်ဆန်းရဲ့ဒူးတစ်ချက် ထိလိုက်တာဟာ ယူရှင်း အိုကာမီကို အထိနာသွားစေခဲ့ပြီး အဲ့ဒီဒူးချက်ကပဲ ပွဲစဉ်ရဲ့အဆုံးအဖြတ်ပမာ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်ကို စင်ကာပူနိုင်ငံက Indoor Stadium မှာ ကျင်းပခဲ့တာဖြစ်ပြီး အောင်လအန်ဆန်းဟာ အခုမတိုင်ခင်က နောက်ဆုံးထိုးသတ်ခဲ့တဲ့ လေးပွဲမှာ သုံးပွဲအထိ အရေးနိမ့်ထားတဲ့သူ ဖြစ်ပါတယ်။ အခုတော့ ဒီပွဲမှာ နိုင်ပွဲ ပြန်ယူပြီး အောင်လအန်ဆန်းက မျက်နှာပန်းလှသွားခဲ့ပြီလို့ ဆိုနိုင်ပါတယ်။