BREAKING
November 4, 2025

မေ့မရသော အတိတ် - အာဇာနည်နေ့ အခမ်းအနား ပုံရိပ်

July 19, 2025

အတိတ်ဆိုပေမဲ့ ဘယ်လိုမှ မေ့မရတဲ့ အတိတ်ပါ။ မျိုးဆက်တွေက ပျောက်မသွား၊ ပြတ်မသွားဘဲ ခေတ်ဝန်ကို လက်ကမ်းရင်း ထမ်းရွက်နေကြဆဲ ထားဝယ်ခရိုင်ကျောင်းသားများသမဂ္ဂ မျိုးဆက်တွေ အကြောင်းပါ။ တိတိကျကျ ပြောရရင် လွန်ခဲ့တဲ့ ၁၃ နှစ်က မုန်တိုင်းထဲပေါက် ဖွားလာတဲ့ လူငယ် မျိုးဆက်များဟာ အခုလို ကာလ မိုးထဲရေထဲ မုန်တိုင်းထဲ ကြံ့ကြံ့ခံ ဖြတ်ကျော်နေဆဲလို့ ပြောရင် အံ့သြ ကြမယ်မ ထင်ပါ။

ဇာတ်ကွက်ပေါင်းများစွာထဲမှ ၂၀၁၂ ခုနှစ် ၁၉ ဇူလိုင် အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့ကြတဲ့ ထားဝယ်ခရိုင်ကျောင်းသားများ သမဂ္ဂ မျိုးဆက်များအကြောင်း တူးဆွ ကြည့်သည်။ ကျနော်တို့ အတူ အတိတ်ကို ပြန်သွားကြရအောင်ပါ။

ဇူလိုင်မိုးသည် အာရုဏ်တက်ချိန်အထိ ရွာနေတုန်းပင်။

နံနက် ၄ နာရီ အချိန်ကတည်းကနိုးနေသော ထားဝယ်တက္ကသိုလ်အဝေးသင် မြန်မာစာမေဂျာ ဒုတိယနှစ် ကျောင်းသားသုံးယောက်စုမိပြီ။

အလင်းမပေါက်သေးသော်လည်း မိုးပေါက်များက ကျနေသည်။

ပခုက္ကူဘုန်းကြီးကျောင်းသို့သွားရာလမ်းတစ်လျှောက် မိုးကာခြုံလူတစ်စု ကြိုကြားကြိုကြားတွင် တွေ့ လာရသည်။

ဘုန်းကြီးကျောင်းပေါ်ရောက်တော့ အကုန်စုံနေကြပြီ။

“ခင်ဗျားတို့ရောက်မှရောက်ပါ့မလားလို့။ ကျနော်တို့အားလုံးစိုးရိမ်နေကြတယ်။ ကဲ….လာလာ တရားနာရ အောင်”။

သံဃာတော်များက နမောတဿ စမည်အပြု….. ရှေ့ဆုံးမှာထိုင်နေတဲ့ခပ်ဝဝ သမဂ္ဂရဲဘော်က စတင် လျှောက်ထားလိုက်သည်။

“အရှင်ဘုရား….တရားတိုတိုဟောပေးပါ။ တပည့်တော်တို့ ချီတက်လမ်းလျှောက်မည့် အစီအစဉ်ရှိ သေး လို့ပါ”။

သူသည် တရားရှည်သော ဘုန်းကြီးများဒဏ်ခံရဖူးသည်ထင်သည်။

ကျနော်က ယင်းသို့မလျှောက်ကောင်းကြောင်း သူ့ကို အနားကပ်ပြီးပြောလိုက်ရသည်။

နောက်လှည့်ကြည့်တော့ သမဂ္ဂ ရဲဘော်အားလုံး ပြုံးနေကြသည်။

၂၀၁၂ ခုနှစ်၊ (၆၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ထားဝယ်ခရိုင်ကျောင်းသားများသမဂ္ဂ က ဦးဆောင်ကာ ပခုက္ကူ(ဘက) ဘုန်းကြီးကျောင်းတွင် ပထမအကြိမ် အဖြစ်ဆောင်ရွက်နေကြခြင်းဖြစ် သည်။

ထားဝယ်ခရိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂလည်း ဖွဲ့စည်းစဆိုတော့ အင်အားက အပြည့်ပေါ့။

အနောက်နားမှာတော့ ခပ်ဝဝ ဘဲကြီးများဝန်းရံနေကြသည်။ သူတို့သည် အဲဒီအခါက ပုံရိပ်ကောင်းဆဲ ထားဝယ်ခရိုင်လူထုအားကိုးရဆုံး (၈၈)ငြိမ်းပွင့်မှ ဦးလေးများဖြစ်ကြသည်။

အမျှဝေတရားသည် မနက်ဝေလီဝေလင်းလောက်မှာပင် ကျသည်။ လူ ၁၀၀ စားမှာထားသည့် စားသောက်ဖွယ်ရာများသည် သုံးပုံ တစ်ပုံစာပဲကုန်သည်။

အလံတော်တွေအသင့်ဖြစ်ပြီ။ ရောင်သွေးစုံလွမ်းသူ့ပန်းခွေများကလည်း ပိုင်ရှင်များကိုမျှော်နေပြီ။

ကျနော်တို့က တုတ်တုတ်တောင်မလှုပ်အား။ ခေါင်းချင်းဆိုင်နေကြရပြီ။ ဓာတ်ပုံထဲမှ ဗိုလ်ချုပ်သည် ကျနော်တို့ကို စိတ်မရှည်တော့။

လည်ကတုံးအဖြူနှင့်အနက်ရောင် ယောလုံချည်များသည် ဝမ်းနည်းခြင်း၊ တည်ကြည်ခြင်းနှင့် ရဲရင့်ခြင်း ပင်။

ဗိုလ်ချုပ်သည် ကျနော်တို့ကိုစိတ်မရှည်။ အရှေ့ဆုံးမှ စချီပြီ။

ထုံထိုင်းနေသည့် ကျနော်တို့ခြေလှမ်းများ သွက်ခဲ့ပြီ။ တစ်ကိုယ်လုံးစိုသည့် ဇူလိုင်မိုးသည် ကျနော်တို့ အပူကိုမငြိမ်းနိုင်။

ကျနော်တို့ ဝဲယာတစ်လျှောက် အရပ်ဝတ်များက ခြံရံလျက်။ စူးရှရှသူတို့အကြည့်က ကျနော် တို့ကို ခြောက်လှန့်လျက်။

ထောင်လမ်းဆုံကိုကျော်ခဲ့ပြီ။ မြင်းပေါ်က ဗိုလ်ချုပ် အဝိုင်းခံထားရသည်။ ကျနော်တို့ ခြေလှမ်းတွေ လေး ခဲ့ပါပြီ။ ဟန်မပျက်အောင်ထိန်းနေရင်း ဇူလိုင်မိုးက ကျနော်တို့ကို တုန်လှုပ်စေသည်။

ရဲဘော် အချို့သာ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ရှေ့ရောက်နေသည်။ ကျန်ရဲဘော်အများ ခရိုင်ထွေအုပ်ရုံးရှေ့ မလေးရှား ပိတောက်ပင်များအောက်က ဆိုင်ကယ်များပေါ်တက်ခွနေကြပြီ။

ဇူလိုင်မိုးသည် သည်းမဲမဲရွာကောင်းဆဲ။

မတုန်လှုပ်သောရဲဘော်။

ရဲဘော်ဟုသုံးလိုက်၍ ယောကျ်ားလေးဟုထင်မည်။ အမှန်ကမိန်းမမှ တကယ့်အာဂမိန်းမ။ သူသည် (ထားဝယ်ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ) ၏ ပထမမျိုးဆက် သမဂ္ဂဥက္ကဋ္ဌဟု ထင်သည်။

သူသည် စီးတော်ယာဉ်ပေါ်တက်ခွပြီး ပြေးပေါက်ချောင်းနေတဲ့ ကိုယ်တော်ချောများကို ဦးဆောင်ပြီး ဗိုလ်ချုပ်ကြေးရုပ်အရှေ့အရောက်ချီခဲ့ပြီ။

ရဲရင့်လေခြင်း။ သတ္တိကောင်းလေခြင်း။

အချိန်ရောက်ပြီ။

ကျဆုံးလေပြီးသောဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား…..အလေးပြု။

ဇူလိုင်မိုးသည် ဗိုလ်ချုပ်ခြေရင်း လွမ်းသူ့ပန်းခွေချပြီးနောက် ကျနော်တို့အားလုံးကို ငြိမ်းစေခဲ့ပါပြီ။ ။

ထိုကား အတိတ်၊ ယခုတော့ . . . ။

(၁)

တရားတိုတိုဟောရန်လျှောက်ထားသည့် ခပ်ဝဝ ရဲဘော်သည် နွေဦးတော်လှန်ရေးကာလ ထားဝယ် အင်ဂျင်နီယာများ သပိတ် စစ်ကြောင်း၏ သပိတ်ခေါင်းဆောင် တဦးဖြစ်လာခဲ့ပြီး ၂၀၂၁ နှစ်ဆန်းပိုင်း၌ ဖမ်းဆီးရပြီး ပုဒ်မ (၅၀၅-က)ဖြင့် ထောင်ကျခဲ့ပြီး လပိုင်းအကြာ၌ ပြန်လွတ်လာခဲ့သည်။

(၂)

ပြေးပေါက်ရှာနေသည့် ကျောင်းသားများကို ဗိုလ်ချုပ်ရုပ်ထုရှေ့ အရောက် ဆွဲခေါ်လာနိုင်သည့် ထားဝယ် ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ခေါင်းဆောင် ကျောင်းသူ၏ မောင်ဖြစ်သူသည် အစ်မ ဖြစ်သူ၏ ခြေရာနင်း၍ ၂၀၁၈-၂၀၁၉ ထားဝယ်နည်းပညာတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂ၌ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

(၃)

သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ဟောင်းဖြစ်တဲ့ သူ့ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးခဲ့သည်။ နွေဦး တော်လှန်ရေးအဖွဲ့များထံ ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲကာ အကြမ်းဖက် ပုဒ်မ (၅၀-ည) ဖြင့် ထားဝယ်အကျဥ်းထောင်တွင်း ထောင် ၁၀ နှစ်ချထားသည်။

(၄)

ထားဝယ်တက္ကသိုလ် အဝေးသင် မြန်မာစာမေဂျာ ဒုတိယနှစ် ကျောင်းသား သုံးယောက် အပါအဝင် ထိုစဥ်က ထားဝယ်ကျောင်းသားလူငယ် သမဂ္ဂမျိုးဆက်များသည် ပြတ်မသွားပါ၊ ပျောက်မသွားပါ။

နွေဦးတော်လှန်ရေး၏ ကျရာ တာဝန်အသီးသီး၌ ယနေ့အထိ ထမ်းရွက်လျက်ရှိကြပါသည်။

ကိုစိုင်း