ပင်လယ်ပြင်ကြီးနဲ့ ခပ်နီးနီးမှာ ကြီးတဲ့ ထားဝယ်သားတယောက်အဖို့တော့ ပင်လယ်ဆိုတာ သူ့ဘဝရဲ့ အမှတ်အသားတခုပဲ။ အသက်ရှင်ဖို့ စားရတဲ့ အစားအစာတွေမှာ ငပိ၊ ငါးခြောက် ကစလို့ စားလို့ရသမျှ ပင်လယ်ရေထွက် ပစ္စည်းတွေနဲ့ ကြီးပြင်းကြရတာကိုး။
ရေလုပ်ငန်းနဲ့ ဆက်စပ်နှီးနွယ်တဲ့ အသက်မွေးမှု တွေရှိကြတာကိုး။ ကမ်းခြေသွားမယ်၊ ရေကူးမယ်၊ ကမ်းခြေမှာ စားသောက်ရင်း အပန်းဖြေမယ်၊ အက်ဒမန် (ကပ္ပလီ) ပင်လယ်ကြီးထဲ နေလုံးကြီး မြုပ်သွားတာကို မြင်ဖူးနေကြပေမဲ့ တမက်တမော ငေးကြည့်မယ်။
ဘော်ဒါတွေနဲ့စုမိကြရင် သဲသောင်ပြင်မှာ ညဖက် မီးလေးဖို၊ လတ်ဆတ်တဲ့ ပင်လယ်စာ စား၊ ဂစ်တာလေး ခေါက်တတ်တဲ့သူပါရင် သီချင်းတွေပိုမြိုင်တာပေါ့။ လှိုင်းသံတွေကလည်း စီးချက်နရီ ညီညီရယ်။ ဆားနံ့သင်းတဲ့ ပင်လယ်လေပြည်တွေ တဝရှုစမ်းပါ။ အိပ်ချင်ရင်လည်း သဲပြင်ပေါ် မှာလှဲချလိုက်ရုံ။ နွေးနေတဲ့သဲမွမွက ထွေးပွေ့ထားမပေါ့။ ဒီလို ဘဝအာဟာရမျိုးနဲ့ နေထိုင်ကြတာကိုး။
ခေတ်ကြီးကဆိုးလာတော့ အိမ်ကမခွာချင်တဲ့ ထားဝယ်သားတွေ ပင်လယ်နဲ့ ဝေးရာမှာ သွားနေကြရတဲ့ အထဲ ကိုယ်တွေလည်း ပါရဲ့။ ထိုင်းဖက်ကိုကူး၊ အေးအေးငြိမ့်ငြိမ့်နဲ့ နေထိုင်သွားလာစားသောက်တတ်တဲ့ ထိုင်းမြောက်က တောင်ပေါ်မြို့လေးမှာ နေရပေတဲ့ ပင်လယ်ကို အမြဲအောက်မေ့တာကလား။
တောင်ပြာတန်းတွေ၊ လေအေးအေးတွေ၊ စိမ်းလန်းတဲ့တောတန်းတွေက စီးကျနေတဲ့ ရေတံခွန်၊ စိမ့်စမ်း တွေ ဒီဖက်မှာ ရှိပေမဲ့ ဟိုးတောင်စွန်းစွန်းက ပင်လယ်ကိုလွမ်းတယ်။ တောင်ပေါ်ဒေသမှာ ပင်လယ်ဆိုလို့ ကြည့်စရာ တိမ်ပင်လယ်ပဲရှိတာရယ်။ တိမ်ပင်လယ်လောက်နဲ့တော့ ဘယ်တင်းတိမ်နိုင်မှာလဲ။ ပင်လယ်ကိုလွမ်းတယ်ဆိုတာ ပင်လယ်ပြင်ကြီးကို ကြည့်ချင်ရုံသက်သက်မှ မဟုတ်ဘဲကိုး။
ဒါနဲ့ အားတဲ့ အချိန်ကလေးများ ရှာကြံပြီး ပင်လယ်ဖက်ကို ထွက်ခဲ့တယ်။ ထားဝယ်သားတယောက်က ပင်လယ်ပြင်နဲ့ နှစ်ချီပြီး ကင်းကွာနေလို့ ဘယ်တော်ပါ့မလဲ။ ပြောသာပြောရတာ။ ထိုင်းမှာဆိုတာက ပင်လယ်ဟာ ဈေးကြီးသွားတယ်။
နာမည်ကြီးတဲ့ကမ်းခြေဆို ပိုဈေးကြီးသတဲ့။ ထားဝယ်သားတွေ ကိုယ့်ဒေသက ပင်လယ်ပြင်ကြီးမှာလို စိတ်ကြိုက်လုပ်လို့ရတာမျိုးက ဒီမှာတော့ဖြင့် အခွင့်ထူးခံလိုပဲ။ တော်ရုံလူ လက်လှမ်းမမီဘူးကိုး။ ထားပါတော့။
ဘယ်ပင်လယ်ကမ်းခြေရယ်လို့ တိတိပပမသတ်မှတ်ဘဲ အဆင်ပြေရာ ကမ်းခြေတခုခုပေါ့လို့ ထားဝယ်သားအိမ်ပြန် စိတ်နဲ့ တောင်ပိုင်းကို ဆင်းချလာခဲ့တယ်။
ဘန်ကောက်ကိုလွန်လို့ စူလတ် (စူရတ်ဌာနီ)က အမေ့ဆီရောက်တယ်။ ပင်လယ်လွမ်းကြောင်း ပြောထားလို့ ချက်ကျွေးလိုက်တဲ့ (ပင်လယ်စာ) ထားဝယ်ချက်တွေ။
တကယ်က ပင်လယ်စာလို့ သာ ထူးပြီး ဝိသေသနတပ်ပြောနေရတာ ထားဝယ်စာတွေထဲမှာ ပင်လယ်စာနဲ့ ကင်းတာ ခပ်ရှားရှား။ စူလတ်က ထားဝယ်တွေကြား ကိုယ့်ရွာသူ ရွာသားကများသနဲ့ အလှူတွေ ဘာတွေမှာ မုလတ်သောက် (မုန့်လက်သုပ်)၊ မုကလောဆီ/ မုဟန်းခါး (မုန့်ဟင်းခါး) အားပါတရ လွေးခဲ့ရသေး။ ပင်လယ်သွားရအောင်လို့ အမေ့ကိုပြော ထားတော့ အမေက ပူကစ် (ဖူးကက်) သွားမယ်တဲ့။
ပူကစ်ဆိုတာက နာမည်ကြီး၊ ဈေးကြီးတဲ့နေရာမို့ ကိုယ်တွေက အွန်လိုင်း ကြော်ငြာတွေရဲ့ ဈေးတွေကို ကြည့်ရင်း ဘုရားတနေရတာ။ အမေကတော့ အေးဆေးပဲ။ ပူကစ်မှာ သူ့အသိတွေများသကိုး။
ခဏ ဆိုတော့ တည်းဖို့ပူစရာမလိုတာကိုး။ ဒီလိုနဲ့ သားမိနှစ်ယောက် ပူကစ် ဖက်ကို ရောက်လာတယ်။ ကမ်းခြေတွေက များသမို့ အမျိုးတွေ အလုပ်လုပ်ရာနဲ့ နီးတဲ့ ကမ်းခြေကိုပဲရွေးတယ်။ ပူကစ် ရောက်မှပဲ ရွာကအကြောင်းတွေ စုံစုံစေ့စေ့ ကြားရတယ်။
ထားဝယ်စကား လေသံတွေ လှိုင်နေအောင်ကို ကြားရတယ်။ ထားဝယ်သူတယောက်က ကျမတို့ ကမ်းခြေမှာ ဆီဖု ရောင်းတယ်။ ကျမတို့ သူငယ်ချင်းတွေလည်း ကမ်းခြေမှာ ဆီဖု ရောင်းကြတာပဲ လို့ ဆိုတော့ ကိုယ့်စိတ်ထဲမယ် ဆီဖု ဆိုတာဘာပါလိမ့်လို့။
ပြီးတော့မှ ပင်လယ်စာကို ဘိုလိုခေါ်တော့ ဆီးဖှု(ဒ်)ပဲ။ ဒါပေသိ ဒီက ထားဝယ်တွေကြားမှာတော့ ဆီဖု ပဲ ဆိုတဲ့ ဝေါဟာရ အသစ်ကို နားလည်ရတယ်။ ပူကစ်မှာ လည်ပတ်သူ အနောက်တိုင်းသားတွေ ပေါတာကိုး။ ဆီးဖှု(ဒ်) လောက်တော့ ပြောတတ်မှကိုး။ ချစ်စရာ ထားဝယ်သံဝဲတဲတဲနဲ့ ဘိုလိုခေါ်တာ တမျိုးလေးပေါ့။
ပူကစ် ခနတာမှာ ထားဝယ်ကို ပြန်ရောက်သွားသလို ခံစားချက်မျိုးရတယ်။ အထူးသဖြင့် အက်ဒမန် ပင်လယ်ကြီးကို ပြန်မြင်လိုက်ရတဲ့ အခိုက်အတန့်ဟာ ဝမ်းသာဝမ်းနည်း ခံစားချက်မျိုး နဲနဲ ရှိုင်းရှိုင်းရလိုက်တယ်။
ဝမ်းသာရတာက ထားဝယ်အငွေ့အသက်ပြန်ရတယ်။ အက်ဒမန်ပင်လယ်ဆီ ပြန်လာနိုင်ခဲ့တယ်။ ကိုယ်တွေရဲ့ ခံစားချက်ထဲမှာ ပင်လယ်ဆိုရင် နေဝင်ချိန်မှာ နေလုံးနီနီကြီး ပင်လယ်ထဲ မြုပ်သွားတဲ့ မြင်ကွင်းကို မြင်ရတဲ့ အက်ဒမန်ကိုမှ မက်မောတယ်။ ထားဝယ်နဲ့ ပူကစ် နေရာခြားပေမဲ့ အက်ဒမန်ကြီးကတော့တခုတည်းပဲဆိုတဲ့ ခံစားချက်မျိုး ရတယ်။
ဝမ်းနည်းရတာကတော့ အိမ်မပြန် နိုင်သေးတဲ့ ကိုယ်တွေလို လူတွေကို အများကြီးတွေ့လိုက်ရလို့ပဲ။ ထားဝယ်သူ၊ ထားဝယ်သားတွေ ပင်လယ်နဲ့ နီးတဲ့ ထိုင်းတောင်ပိုင်းမှာ အများကြီးရယ်။ ကိုယ့်ဒေသက ကိုယ့်အိုး ကိုယ့်အိမ် ကိုယ်ပင်လယ်ပြင် ကမ်းခြေတွေကို မလွှဲသာလို့ ထားပစ်ခဲ့ရပေသိ ပင်လယ်ကြီးနဲ့ ဝေးဝေး မသွားချင် သူတွေ။ မသွားနိုင်သူတွေ။
စူလတ် နဲ့ ပူကစ် တောင်ပိုင်းထိုင်းကိုရောက်နေတဲ့ ထားဝယ်သူ/သားတွေနဲ့ ဆုံတဲ့ အခါမှာ ကိုယ့်ရဲ့ ဖြစ်တည်မှု အမှတ်အသားကို ပိုနားလည်လာမိတယ်။ အမိမြေနဲ့ ဝေးရာရောက်နေပေတဲ့ လတ်ဆတ်တဲ့ ရေငန်ငါးနဲ့ ပင်လယ်ထွက်ပစ္စည်းလေး ငပိ ငါးခြောက်လေးနဲ့မှ ဝမ်းလေး (စားမြိန်၍စိတ်ကျေနပ်သော ခံစားချက်) တာကိုး။
ကိုယ့်စကား ကိုယ့်ဘာသာ နဲ့ ပြောရ ဆိုရမှ စိတ်ဘဝင်ကျတာကိုး။ ဒါကြောင့်လည်း ထားဝယ်နဲ့ ရေမြေချင်းထိစပ်နီးကပ်တဲ့ ထိုင်းတောင်ပိုင်းမှာ ထားဝယ်သူ/သားတွေ များတာမျိုးမှာ ပင်လယ်ကြီးက အကြောင်းတခုကိုးလို့ နားလည်လာမိတယ်။ ပြီးတော့ ထိုင်းက ပင်လယ်စာဆိုတာတွေက ကိုယ်တို့ တောင်ပိုင်းက ထွက်တာတွေများတာကိုး။
တောင်ပေါ်မြို့လေးမှာ နေရင် အဆင်ပြေ ပေတဲ့ ပင်လယ်နား၊ ကျွန်းနားကို ပြောင်းသွားတဲ့ ထားဝယ်သူ/သားတွေ၊ ထိုနေရာတွေကို ခဏခဏ အလွမ်းပြေ သွားလည်တဲ့ သူတွေကို တွေ့နေရာတော့ လူတွေနဲ့ ပင်လယ်ကြီးရဲ့ အစပ်အဟပ်ကို ပိုမြင်လာမိတယ်။
တောင်ပေါ်မှာ မုလတ်သောက် လေးချက်ချင်ပေတဲ့ အောင်းရယ် (ပအုန်းရည်) ကရှား၊ လတ်လတ်ဆတ်ဆတ် ပင်လယ်ရနံ့ မပျောက်သေးတဲ့ ရေငန်ငါးကရှားနဲ့ မဟုတ်လား။
ငါးလိပ်ကျောက် အငယ်လေးနဲ့ ချဉ်ပေါင်ချက်၊ ပြည်ကြီးငါး ကင်းမွန်လေး ကြော်၊ ပင်လယ် ခရုကမာ ပုဇွန်တွေ ဟင်းတခွက် လုပ်ဖို့ဆိုတာ တောင်ပေါ်မှာတော့ တခုတ်တရ ငွေကုန် အချိန်ကုန် လုပ်ရတာမျိုးကိုး။ လူတယောက်အတွက် အစားအသောက်ဆိုတာက အသက်ခန္ဓာ ရှင်သန်နေရုံဖို့တင်မဟုတ် စိတ်လန်းရွှင်ရွှင်ရှင်သန် နေဖို့အတွက်လည်း သိပ်အရေးပါတာမျိုး မဟုတ်လား။
ကိုယ်တို့ ခဏတည်းခဲ့တဲ့ ပူကစ်က ကမ်းခြေလေးမှာတော့ အောက်ခြေသိမ်း အလုပ်မှန်သမျှ ထားဝယ် တွေကပဲ သိမ်းထားသလားမှတ်ရတယ်။ တည်းခိုခန်းတွေ၊ ဟိုတယ်တွေ၊ ဈေးဆိုင်တွေမှာ ထားဝယ်သံတွေ လှိုင်လို့။
တောင်ပိုင်းက ထိုင်းတွေအတွက်လည်း ခွန်ထဝိုင်း လို့ ပြောပြလိုက် တာနဲ့တင် တောင်ပိုင်းသား ထားဝယ်တွေ ဆိုတာ သဘောပေါက်ပြီးသားဖြစ်နေတာမျိုး။ ထားဝယ်တွေ အတွက်လည်း ထိုင်းတောင်ပိုင်းဟာ ခေတ်အဆက်ဆက်၊ မျိုးဆက် အဆက်ဆက် စိမ်းခဲ့တာမျိုးမဟုတ်ဘူး။ ခပ်ကင်းကင်း ခပ်ခွာခွာ သူစိမ်းတွေလို နေခဲ့ကြတာမျိုးမဟုတ်ဘူး။
ဒါပေမဲ့လည်း ထားဝယ်တွေဟာ ကိုယ့်ပင်လယ်ကို ကိုယ်လွမ်းကြတယ်။ မပျက်မစီး လှနေသေးတဲ့ ကိုယ့် ကျွန်းတွေ၊ ကိုယ့်ကမ်းခြေတွေ၊ ကိုယ့်ဘာဂျီ (သန္တာကျောက်တန်း၊ ကျောက်ပန်း)၊ ကိုယ့် ယပ်တော (ဒီရေတော)နဲ့ ကိုယ့်တော ကိုယ်တောင် ကိုယ့်ရေမြေကို အောက်မေ့တသရှိကြတယ်။
ပင်လယ်စာဆိုတာကို အဆန်းကြီးလုပ် စကားထဲထည့်ပြောကြတာမဟုတ်တဲ့ ထားဝယ်သား တွေအဖို့ အခြားစားစရာတွေထက် ဈေးကြီးနေတတ်တဲ့ ထိုင်းရဲ့ အေးခဲပင်လယ်စာတွေစိတ်ထဲ ဘဝင်မကျစရာပေါ့။ ဒီတော့လည်း ထားဝယ်မှာလို စားဖို့က ထိုင်းလိုနေရာမှာ နီးလျက် ဝေးနေရတာပေါ့။ ဒီတော့လည်း ကိုယ်တို့တွေ ထားဝယ်သား အိမ်ပြန် လုပ်ကြဖို့ နေ့ရက်တွေ လက်ချိုးရေလို့ပေါ့။
ပူကစ် ဆီဖု နဲ့ အက်ဒမန်ကို ပြန်ဆုံရတာဟာ အိမ်လွမ်းနာကို သက်သာစေတာတော့ အမှန်ပဲ။ သို့ပေမဲ့လည်း အိမ်လွမ်းနာပျောက်ဖို့ဆိုကတော့ ကိုယ့်မြေ ကိုယ့်ရေကို ပြန်မရတော့ ဘယ်ပျောက်ပါ့မတုန်း။
နောန်းက္လောန်းကံ







