ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်တွင် စက်သုံးဆီ ဝယ်မရသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူများ အခက်ကြုံ

March 19, 2026

ပုံစာ - ပေါင်မြို့နယ်ရှိ ဆီဆိုင်တစ်ဆိုင်တွင် ဆီဝယ်ရန် တန်းစီစောင့်ဆိုင်းနေသူများ။ ဓာတ်ပုံ - paung daily

မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဝယ်ယူရ ခက်ခဲသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲ ကြုံနေရကြောင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

စက်သုံးဆီ ဝယ်မရသည့်အတွက် စိုက်ခင်းထဲ ရေတင်ရန်၊ နွေစပါးရိတ်သိမ်းရန်နှင့် နွေစိုက်ခင်း ထွန်ယက်စိုက်ပျိုးရန် အခက်ကြုံရကြောင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

“ဆီ ဝယ်မရရင် ဘာမှလုပ်လို့ မရဘူး။ အခုက စျေးကြီးပေးဝယ်ရင်တောင် မရတဲ့အခြေအနေဖြစ်နေတယ်။ ရရင်လည်း နည်းနည်းပါးပါးပဲ ရတယ်။ နွေစိုက်ပျိုးရေးလုပ်တဲ့သူတွေအတွက်က အခက်အခဲဖြစ်တယ်။ စိုက်ခင်းထဲ ရေတင် ရေသွင်း‌ မလုပ်နိုင်ရင် သွားပြီ” ဟု နွေးစပါးစိုက် တောင်သူတစ်ဦးက ပြောဆိုသည်။

လယ်သမားများအတွက် ဆီဝယ်ယူရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး ထောက်ခံစာဖြင့် ဝယ်ယူရရှိနိုင်သော်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည့်အတွက် လုံလောက်မှု မရှိကြောင်း လယ်သမားများထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဝယ်ယူရရှိရန် ခက်ခဲနေပြီး ပုံး၊ ပီပါတို့ဖြင့် လုံးဝ ရောင်းချခြင်း မပြုလုပ်ရန် စစ်ကော်မရှင်က ကန့်သတ်ထားသည်။

စက်သုံးဆီကို စုံ၊ မ ခွဲ စနစ်ဖြင့် ဝယ်ယူရန်လည်း ကန့်သတ်ထားပြီး လက်ရှိတွင် ဆီပြတ်လပ်ခြင်းများကြောင့် ဝယ်ယူရရှိရန် အလွန်ခက်ခဲနေကြောင်း မွန်ဒေသခံများက ဆိုသည်။

“ပြဿနာက ဆိုင်မှာ သွားတန်းစီရင်တောင် ရချင်မှရမယ်။ ဆီဆိုင်တွေမှာ ကားတွေ၊ ဆိုင်ကယ်တွေ အတန်းလိုက်ကြီး တန်းစီစောင့်နေရတယ်။ ဒါတောင် ဆိုင်ကယ်တစ်စီးကို ၅၀၀၀ ထောင်ပဲ ထည့်ပေးတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် တစ်လီတာ ကျပ် ၃၃၀၀ နှင့် ၃၅၀၀ ကြားရှိနေပြီး ဒီဇယ်တစ်လီတာလျှင် ကျပ် ၄၀၀၀ နှင့် ၄၃၀၀ ကြား ရှိနေသည်။

သို့သော် ပြင်ပ‌စျေးကွက်တွင်မူ စက်သုံးဆီ‌စျေး တစ်လီတာ ကျပ် တစ်သောင်းကျော်အထိ ရောင်းဝယ်နေကြသည့်အတွက် ပြင်ပစျေးကွက်တွင် ဝယ်ယူရန်အတွက်လည်း မတတ်နိုင်သည့်အခြေအနေရှိနေကြောင်း စိုက်ပျိုးရေးလုပ်ကိုင်သူများက ပြောဆိုသည်။

မွန်တွင် မတ်လ ၇ရက်ကပြီး ယာဉ်များကို စုံ၊ မ စနစ်ဖြင့် စက်သုံးဆီရောင်းချနေပြီး ဆိုင်ကယ်တစ်စီး ငါးထောင်ကျပ်၊ အိုးဝေ/သုံးဘီးတစ်စီး တစ်သောင်းကျပ်၊ အိမ်စီးကား သုံးသောင်းကျပ်၊ ခရီးသည်တင်ယာဉ် တစ်သိန်းကျပ်၊ ပရီမီယံ ဒီဇယ်သုံးယာဉ် နံပါတ်အနီ လေးသောင်းကျပ်၊ နံပါတ်အနက် သုံးသောင်းကျပ် ရောင်းချရန် စစ်အာဏာရှင်က ကန့်သတ်ထားသည်။