ထိုင်းရွေးကောက်ပွဲတွင် မဲမသမာမှုစွပ်စွဲချက်များကြောင့် မဲရုံအချို့ မဲပြန်ပေးရန်နှင့် မဲပြန်ရေတွက်ရန် ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်သည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ဖယောင်းခရိုင် အမှတ် ၁ မဲဆန္ဒနယ်မြေက မဲရုံအမှတ် ၆ တွင် လွှတ်တော်အမတ်နှင့် ပါတီကိုယ်စားပြုအမတ်အတွက် မဲပြန်ပေးရမည်ဖြစ်သည်။
နောက်ထပ် မဲရုံ ၇ ရုံတွင် မဲရလဒ်များကို ပြန်ရေတွက်ရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
မဲပြန်ရေတွက်ရမည့် မဲရုံများမှာ ပရာကျွတ်ခီရီခန်ခရိုင် အမှတ် ၁ မဲဆန္ဒနယ်မြေက အမှတ် ၂ နှင့် ၈ မဲရုံများ၊ ဖက်ချဘွန်ခရိုင် အမှတ် ၁ မဲဆန္ဒနယ်မြေက မဲရုံ အမှတ် ၁ ၊ အမှတ် ၄ မဲဆန္ဒနယ်မြေက မဲရုံ အမှတ် ၂၊ ကန်ဖမ်းဖက်ခရိုင် အမှတ် ၁ မဲဆန္ဒနယ်မြေက မဲရုံ အမှတ် ၈ နှင့် ၁၄၊ စခွန်နခွန်ခရိုင် အမှတ် ၁ မဲဆန္ဒနယ်မြေက မဲရုံအမှတ် ၃၂ တို့ ဖြစ်သည်။
မဲပြန်ပေးရန်နှင့် မဲပြန်ရေတွက်ရန် နေ့ရက်၊ အချိန်၊ နေရာကို လာမည့်အပတ်များတွင် ကျင်းပသွားရန်ရှိနေပြီး အသေးစိတ်ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
ဘန်ကောက်မြို့ အမှတ် ၁၅ မဲဆန္ဒနယ်မြေ မဲရုံအမှတ် ၁၀ တွင်လည်း ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ် ရေးဆွဲရန် သင့်မသင့် လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မဲပြန်ရေတွက်ရန် ထုတ်ပြန်ထားသည်။
နောက်ထပ် လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ကန်ချနဘူရီခရိုင် တစ်ခုလုံးတွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မဲပြန်ရေတွက်ရမည်ဖြစ်သည်။
မဲရေတွက်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ရှေ့နောက်ကိုက်ညီမှုမရှိခြင်းနှင့် မဲပေးသူအရေအတွက်ထက် မဲရလဒ်က ပိုများနေခြင်းကြောင့် ပြည်သူများက မဲပြန်ရေတွက်ပေးရန် တိုင်ကြားမှုများ ဆက်တိုက် ရှိလာခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မဲပေးသူအားလုံး၏ ၉၄ ရာခိုင်နှုန်းကို မဲရေတွက်ထားပြီးဖြစ်သော်လည်း ရလဒ်ကို အသိအမှတ်ပြုနိုင်ရန်အတွက် အနည်းဆုံး ၉၅ ရာခိုင်နှုန်း ရှိရန် လိုအပ်သည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်များကို တရားဝင် ထုတ်ပြန်ထားပြီးဖြစ်သည်။
Ref: The Nation Thailand, Bangkok Post







