ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်ကိုတိုက်ရန် အမေရိကန် အသင့်ဖြစ်ပြီ ထရမ့်၏ ဆုံးဖြတ်ချက်စောင့်နေ

February 19, 2026

အမေရိကန်က အီရန်ကို ယခုသီတင်းပတ်အကုန်တွင် စစ်ရေးအရ တိုက်ခိုက်မှု ပြုလုပ်ရန် အသင့်အနေအထား ရှိနေပြီ ဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်များကို ကိုးကား၍ နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။

သို့သော် တိုက်ခိုက်မှု ပြုမပြုနှင့် ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် အတည်ပြုဆုံးဖြတ်ချက်တစ်စုံတစ်ရာ မချမှတ်ရသေးကြောင်း အဆိုပါ သတင်းများတွင် ဖော်ပြသည်။

အီရန်၏ အဏုမြူစီမံကိန်းကို ရပ်တန့်ရန် သမ္မတထရမ့်က အကြိမ်ကြိမ် တောင်းဆိုထားပြီး သဘောတူညီချက်တစ်စုံတစ်ရာ မရရှိပါက စစ်အင်အားအသုံးပြုမည်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။

အမေရိကန်စစ်တပ်သည် လာမည့်ရက်ပိုင်းအတွင်း တိုက်ခိုက်မှုများ စတင်နိုင်ရန် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်လေယာဉ်နှင့် စစ်သင်္ဘောများကို လုံလောက်စွာ စုဖွဲ့ထားပြီးဖြစ်ကြောင်း The New York Times၊ CBS News နှင့် CNN သတင်းဌာနတို့က ဖော်ပြထားသည်။

အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးကို ကိုးကား၍ ဖော်ပြထားသည့် ရိုက်တာသတင်းတွင်မူ အချိန်ကွဲလွဲမှု ရှိသည်ကို တွေ့ရသည်။

အရှေ့အလယ်ပိုင်းသို့ စေလွှတ်ထားသည့် အမေရိကန်တပ်ဖွဲ့အားလုံးသည် မတ်လအလယ်ပိုင်းတွင် အသင့်အနေအထားဖြစ်ရမည်ဟု အမေရိကန်ထိပ်တန်း အမျိုးသားလုံခြုံရေးအကြံပေးများအား ညွှန်ကြားထားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

အမေရိကန်က အီရန်ကို တိုက်ခိုက်မည့် အချိန်မှာ ယခုသီတင်းပတ်အကုန်ထက် ပိုမိုကြာမြင့်နိုင်ကြောင်း CBS သတင်းတွင် ထည့်သွင်းဖော်ပြထားသည်။

အင်္ဂါနေ့က ဂျီနီဗာတွင် ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် ဆွေးနွေးမှုများအပြီးတွင် နှစ်နိုင်ငံကြား ထိပ်တိုက်တင်းမာမှုများကို မည်သို့ဖြေရှင်းမည်ဟူသော အဆိုပြုလွှာတစ်ရပ်ကို အီရန်ဘက်က စာဖြင့်ရေးသား တင်ပြလာဖွယ်ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

စစ်ရေးအရ အရေးယူဆောင်ရွက်မှု မပြုလုပ်မီ သဘောတူညီချက်ရရှိရန် အီရန်ကို ထရမ့်က ပေးထားသည့် အချိန်နှင့် ဆက်စပ်သည့် မေးခွန်းကို ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲတွင် အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလိဗစ်က ဖြေကြားခြင်း မရှိခဲ့ပေ။

Source: The Guardian