ထိုင်းနိုင်ငံ၊ ရယွန်ခရိုင်ရှိ စက်ရုံတစ်ရုံထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၀ ဦးအပါအဝင် ရွှေ့ပြောင်း အလုပ်သမား ၈၀ ခန့် ဖမ်းဆီးခံရကြောင်း ရယွန်လဝကရုံးက ယနေ့ ဒီဇင်ဘာလ ၁၈ရက်တွင် ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၁၇ ရက်က ပလွန့်ဒေ့ဒေသရှိ Heung Sung Electronics စက်ရုံထဲသို့ ထိုင်းအာဏာပိုင်များက ကွင်းဆင်း စစ်ဆေးခဲ့စဉ် တရားမဝင် လုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။
စက်ရုံထဲ အလုပ်လုပ်ခွင့်လက်မှတ်မရှိသော နိုင်ငံခြားသားအလုပ်သမား ၆၁ ဦးနှင့် အလုပ်ရှင် ပြောင်းရွှေ့လုပ်ကိုင် နေသည်ကို ၁၅ ရက်အတွင်း အကြောင်းမကြားထားသော အလုပ်သမား ၁၇ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
အလုပ်လုပ်ခွင့် လက်မှတ် မရှိသူများတွင် မြန်မာနိုင်ငံသား နှစ်ဦး၊ ကမ္ဘောဒီးယား ၅၈ ဦးနှင့် လာအိုနိုင်ငံသား တစ်ဦးတို့ ပါဝင်သည်။
အလုပ်ရှင် မပြောင်းထားသူများတွင် မြန်မာနိုင်ငံသား ရှစ် ဦးနှင့် ကမ္ဘောဒီးယား ကိုးဦးတို့ ပါဝင်သည်။
ထို့ကြောင့် မြန်မာနိုင်ငံသား ၁၀ ဦး၊ ကမ္ဘောဒီးယား ၆၇ ဦးနှင့် လာအိုနိုင်ငံသား တစ် ဦးကို ဖမ်းဆီးခံရခြင်းဖြစ်သည်။
အလုပ်သမားများသည် အကျိုးဆောင်အေဂျင်စီမှတစ်ဆင့် စက်ရုံထဲ အလုပ်ဝင်နေသူများဖြစ်ပြီး အလုပ်သမားများကို တရားမဝင် အလုပ်ခန့်ထားသော အလုပ်ရှင်ကိုလည်း အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဒီဇင်ဘာလ ၁၂ ရက်မှစ၍ ထိုင်းရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်လုပ်ခွင့် လက်မှတ် အသစ် ပြုလုပ်ပေးနေသဖြင့် မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ်မရရှိမီ အထူးဂရုစိုက် နေထိုင်လုပ်ကိုင် ကြရန် အလုပ်သမားအရေးကူညီနေသူများက တိုက်တွန်းထားသည်။







