ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘုရားသုံးဆူမြို့အနီး DKBA နယ်မြေကို လေယာဉ်ဖြင့် ဗုံးကြဲ၊ လူငါးဦးဒဏ်ရာရ

December 18, 2025

ဓာတ်ပုံ - DKBA

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး ကြိမ်ချောင်းကျေးရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အမှတ် (၂) စစ်ဗျူဟာတပ်ဖွဲ့၏ မွေးမြူရေးခြံကို စစ်အာဏာရှင်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူငါးဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီး DKBA မွေးမြူရေးခြံ‌နေရာကို ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက် ညနေ ၅ နာရီကျော်တွင် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မနေ့က ဗုံးကြဲသွားတဲ့နေရာက DKBA ဗိုလ်အေဝမ် နေရာဖြစ်တယ်။ အဲဒီနေရာမှာ ဗိုလ်အေဝမ်က နွားတွေ၊ ဆိတ်တွေ မွေးမြူထားတဲ့နေရာလို့ပဲ သိထားကြတယ်။ အထဲမှာ တခြား ဘာတွေရှိနေလဲတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူး” ဟု ဘုရားသုံးဆူ မြို့ခံတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် မွေးမြူရေးခြံက အလုပ်သမား ငါးဦး ထိခိုက် ဒဏ်ရာရရှိပြီး နွားအကောင်ရေ ၂၀ ကျော် ထိခိုက်သေဆုံးကြောင်း DKBA ဘက်က ပြောဆိုထားသည်။

မြဝတီဘက်က ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများ နှိမ်နင်းခံရပြီးနောက် ကျားဖြန့်လုပ်သား ထောင်နှင့်ချီ ဘုရားသုံးဆူမြို့ရှိ DKBA နေရာများဘက်သို့ ပြောင်းရွှေ့မှု ရှိနေသည်ဟု သတင်းထွက်နေကြောင်း ဘုရားသုံးဆူဒေသက စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

“မြဝတီဘက်က ကျားဖြန့်တွေ ထောင်နဲ့ချီ ဒီဘုရားသုံးဆူဘက်ကို DKBA က ခေါ်သွင်းလာနေတယ်ဆိုတဲ့ သတင်းတွေ ကလည်း ထွက်နေတော့ အခု စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတဲ့ကိစ္စက ဒီကျာဖြန့်အရေးနဲ့ ဆက်စပ်နိုင်တယ်လို့ ထင်တယ်” ဟု ၎င်းက ဆိုသည်။

DKBA အမှတ် (၂) စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး စောအေဝမ်းကမူ စစ်အာဏာရှင်က ယခု ဗုံးကြဲသည့်နေရာသည် မွေးမြူရေးလုပ်ငန်းအပြင် ပီလောပီနံလုပ်ငန်းများလည်း လုပ်ကိုင်နေကြသည့်နေရာဖြစ်ပြီး အလုပ်သမား မိသားစုဝင်များသာ နေထိုင်ကြကြောင်း ကေအိုင်စီသတင်းဌာနကို ဖြေကြားထားသည်ကို တွေ့ရသည်။