ထိုင်းနိုင်ငံအရှေ့ပိုင်း ကျန်ထဘူရီခရိုင်တွင် အလောင်းကို ရေပုံးထဲထည့်ပြီး စွန့်ပစ်အလောင်းဖျောက်ထားမှုနှင့် ပတ်သက်၍ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ရှာဖွေနေစဉ် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ပြီးခဲ့သော ဒီဇင်ဘာလ ၄ ရက်နေ့က ကျန်ထဘူရီခရိုင် ဘုန်းကြီးကျောင်းအနီး ဝါးတောထဲတွင် အနက်ရောင်ရေပုံးကြီးထဲမှ အပုပ်နံ့ရသဖြင့် ရဲတပ်ဖွဲ့များက သွားရောက်စစ်ဆေးစဉ် အမည်မသိသူတစ်ဦး၏ အလောင်းကို ကြိုးတုပ်ထားသည့်ပုံစံဖြင့် တွေ့ခဲ့ရသည်။
သေဆုံးသူသည် အသက် ၄၀ နှစ်အရွယ်ရှိပြီး အလောင်းကို အနက်ရောင် ပလပ်စတစ်နှင့်အတူ ပုဆိုးဖြင့် ထုပ်ပိုးထားသည်ကို တွေ့ရကြောင်း သိရသည်။
ခေါင်းနှင့် ခြေထောက်ကိုလည်း ခေါက်ထားပြီး ခြေလက်များကို ကြိုးတုပ်ထားကာ လည်ပင်းနှင့် ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာများကို တွေ့ရကြောင်း သတင်းတွင်ဖော်ပြသည်။
သေဆုံးသူသည် အနီးအနားတွင် နေထိုင်သူများထဲက မဟုတ်ဘဲ မြန်မာပုဆိုးကို တွေ့ရသဖြင့် မြန်မာနိုင်ငံသားဖြစ်နိုင်ပြီး အခြားနေရာတွင် သတ်ခံရပြီးနောက် လာရောက်စွန့်ပစ်ထားခြင်းဖြစ်နိုင်ကြောင်း ကောက်ချက်ချ၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို စုံစမ်းစစ်ဆေးပြီး သက်သေများကို စုဆောင်းကာ အမှုနှင့် သက်ဆိုင်သော သံသယရှိသူ သုံးဦးကို တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့က စမွတ်စခွန်ခရိုင် ကထူးဘင်ဒေသ အုန်းနွဲ့တွင် သံသယရှိသူ သုံးဦးအနက် အသက် ၃၀ အရွယ် ကိုနားအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းနှင့်အတူ ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားက ဝရမ်းအရ မှန်ကန်ကြောင်း ဆိုပြီး လူသတ်မှုနှင့် မသက်ဆိုင်ကြောင်း ထွက်ဆိုထားကာ အမှုအားလုံးကို ငြင်းဆိုထားကြောင်း သတင်းတွင် ဖော်ပြသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူတစ်ဦးကို လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုဖြင့် အမှုဖွင့်ထားပြီး နောက်ထပ် နှစ်ဦးကိုလည်း ဆက်လက်ရှာဖွေဖမ်းဆီးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။







