ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်ရှိ ရွှေဆိုင်တွင် ရွှေဆွဲကြိုးကို အလစ်သုတ်သွားသည်ဆိုပြီး မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဒီဇင်ဘာလ ၁၄ ရက်က စမွတ်ပရကန်ခရိုင်၊ ဘန်ဖလီဒေသတွင် ရွှေဆိုင်ပိတ်ခါနီး အသက် ၂၅ နှစ်အရွယ် အမည်မသိ အမျိုးသားတစ်ဦးက ဝယ်သူအဖြစ် ဟန်ဆောင်၍ ဆိုင်ထဲဝင်လာကာ ရွှေထည်ပစ္စည်းများကို ပြစေခဲ့ကြောင်း ဆိုသည်။
ဆိုင်ဝန်ထမ်းများက ဘတ်တစ်သိန်းကျော်တန်ဖိုးရှိ ရွှေဆွဲကြိုးသုံးကုံးကို ပြသစဉ် ဝယ်သူက ရွှေဆွဲကြုံးတစ်ကုံးအား အလစ်သုတ်၍ ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြသည်။
ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကတစ်ဆင့် ခြေရာခံ လိုက်လံဖမ်းဆီးရာ ဒီဇင်ဘာလ ၁၇ ရက် ညနေ ၅ နာရီခန့်တွင် သံသယရှိသူကို လုပ်ငန်းခွင်ထဲ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ဖမ်းဆီးခံရသူသည် ရွှေဆိုင်နှင့် မဝေးသော စက်ပြင်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။
မိခင်ဖြစ်သူ နေမကောင်းဖြစ်နေကြောင်း အကြောင်းကြားလာစဉ် လစာမရရှိသေးသေးသဖြင့် ငွေ အမြန်ရရှိရန် ရွှေဆိုင်ထဲဝင်၍ အလစ်သုတ်ခဲ့ကြောင်း မြန်မာနိုင်ငံသားက ထိုင်းရဲတပ်ဖွဲ့ထံ ဝန်ခံထားသည်ဟု သတင်းများတွင် ဖော်ပြသည်။
ငွေမလွှဲမီ မိခင်ဖြစ်သူ သေဆုံးပြီဟု သတင်းရရှိခဲ့ကြောင်းလည်း မြန်မာနိုင်ငံသားက ပြောဆိုကြောင်း ဖော်ပြသည်။
လက်ရှိတွင် အဆိုပါမြန်မာနိုင်ငံသားကို အလစ်သုတ်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဆိုသည်။
Ref: CH 7, FM 91, CH 3 Plus







