ထိုင်းနိုင်ငံ၊ ကန်ဖမ်းဖက်ခရိုင်တွင် ပစ်ကပ်ကားအနောက် လှဲအိပ်၍ တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၆၀ နီးပါးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အောက်တိုဘာလ ၁၇ ရက် ညနေက ကန်ဖမ်းဖက်ခရိုင် ကိုစဖီနခွန်ဒေသတွင် ကားများဖြင့် မြန်မာနိုင်ငံသားများကို အုပ်စုလိုက် တရားမဝင် ပို့ဆောင်နေကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင် အဖွဲ့ပေါင်းစုံက လမ်းတစ်နေရာတွင် စစ်ဆေးနေခဲ့ကြောင်း ဖော်ပြသည်။
ယင်းအချိန် ကားအနောက်ပိုင်းကို ဖုံး၍ အရှိန်ဖြင့်လာနေသော ပစ်ကပ်ကားလေးစီးကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က နောက်ကလိုက်၍ တားဆီးစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။
ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၅၈ ဦးကို တွေ့ရပြီး အားလုံးသည် ကားအနောက်တွင် မှောက်အိပ်၍ ကျောပိုးအိတ်များနှင့်အတူ လိုက်ပါလာသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရေးသားထားသည်။
မြန်မာနိုင်ငံသားများနှင့်အတူ ထိုင်းနိုင်ငံသား ကားသမား လေးဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာပြီး ထိုင်းနိုင်ငံထဲ တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ထိုင်းကားသမားလေးဦးကလည်း မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံထဲ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့သဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများနှင့်အတူ ကားသမားများကို ဥပဒေအရ အရေးယူနိုင်ရေး ကိုစဖီနခွန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး တရားမဝင် လူမှောင်ခိုပို့ဆောင်နေသော ကွန်ရက်ကို ရှာဖွေဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်းများက ပြောဆိုသည်ဟု ဖော်ပြသည်။
Ref: MGR Online, Matichon Online







