BREAKING
November 18, 2025

ချွန်ဘူရီတွင် မြန်မာမောင်နှမနှစ်ဦး ကျောင်းသွားချိန် ယာဉ်မတော်တဆဖြစ်ပြီး သေဆုံး

November 18, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် မြန်မာမောင်နှမနှစ်ဦး ကျောင်းသွားချိန် ယာဉ်မတော်တဆဖြစ်ပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းက စီရချားဒေသတွင် အသက် ၁၅ နှစ်နှင့် ၉ နှစ်အရွယ်များရှိကြသော မြန်မာနိုင်ငံသား မောင်နှမနှစ်ဦးသည် ကျောင်းကို ဆိုင်ကယ်ဖြင့်လာစဉ် လမ်းဘေးလမ်းလျှောက်နေသော လာအိုနိုင်ငံသားတစ်ဦးကို ဝင်တိုက်ခဲ့ကြောင်း CCTV မှတ်တမ်းအရ သိရသည်။

ယင်းနောက် ဆိုင်ကယ်မှောက်သွားခဲ့ရာ မောင်နှမနှစ်ဦး ဆိုင်ကယ်ပေါ်မှ လွင့်ကျစဉ် အနောက်ကလာသော ကုန်တင်ကားက မောင်နှမနှစ်ဦးကို ဝင်တိုက်ကြောင်း သတင်းများတွင် ဖော်ပြသည်။

အသက် ၉ နှစ်အရွယ် ညီမဖြစ်သူသည် ဘူရာရမ်ဘုန်းကြီးကျောင်းရှိ ထိုင်း-မြန်မာ အာဆီယံ လေ့ကျင့်သင်ကြားရေး စင်တာတွင် ကျောင်းတက်နေသဖြင့် အစ်ကိုဖြစ်သူက ဆိုင်ကယ်မောင်းနှင်ပြီး ကျောင်းလိုက်ပို့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ပုံမှန် ကျောင်းလိုက်ပို့လေ့ရှိကြောင်း ဆိုသည်။

အစ်ကိုဖြစ်သူသည် ထိုင်းရောက်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေးပြီး လမ်းကြောင်း ကျွမ်းကျင်မှုမရှိဘဲ လမ်းဘေး လမ်းလျှောက်နေသောလူကို တိုက်မိပြီးနောက် ဆိုင်ကယ်မှောက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားသည်။

ကားကလည်း မောင်းလာစဉ် ဆိုင်ကယ်က ရုတ်တရက် မှောက်သွားသဖြင့် အရှိန်မထိန်းနိုင်တာ့ဘဲ ကားအနောက်ဘီးဖြင့် ဝင်တိုက်မိသည်ဟု ကားသမားက ထွက်ဆိုထားကြောင်း သတင်းများတွင် ဖော်ပြသည်။

ကားတိုက်မှုကြောင့် မောင်နှမနှစ်ဦးစလုံး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်သောနေရာတွင် သက်သေများကို သိမ်းဆည်းခဲ့ပြီး အလောင်းများကို လေူချဘန်ဆေးရုံသို့ ပို့ဆောင်ထားကာ ကားသမားကို စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: CH 7, FM 91