ထိုင်းရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ပေးရန် ရက်ရွှေ့ပြီးနောက်ပိုင်း တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၀၀ နီးပါး မဲဆောက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် စတင်လျှောက်ထားခွင့် ပြုမည်ဖြစ်ကြောင်း ကြေညာထားရာမှ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ရက်ရွှေ့လိုက်ခြင်းဖြစ်သည်။
ယင်းနောက် အောက်တိုဘာလ ၁၇ ရက်နေ့တွင် တာခ့်ခရိုင် မဲဆောက်မြို့တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃၄ ဦး ဖမ်းဆီးခံခဲ့ရသည်။
မြဝတီမြို့မှတစ်ဆင့် သောင်ရင်းမြစ်ကို ဖြတ်ပြီး မဲဆောက်မြို့ မယ်ပဒေသကို ကူးလာချိန်တွင် ထိုင်းနယ်ခြားစောင့်တပ်များ၏ ဖမ်းဆီးခြင်းကို ခံရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၃၄ ဦး ပါဝင်ပြီး ၎င်းတို့ထံတွင် တရားဝင်နယ်စပ်ဖြတ်ကျော်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဖော်ပြထားသည်။



ထို့အတူ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်သန်းခေါင်တွင် မဲဆောက်ဒေသတွင် ပစ်ကပ်ကားဖြင့် တရားမဝင် လာသော မြန်မာနိုင်ငံသား ၅၅ ဦး ထပ်မံဖမ်းဆီးခံရပြန်သည်။
မယ်ပဒေသသို့ မောင်းလာသော ပစ်ကပ်ကားသုံးစီးကို နယ်ခြားစောင့်တပ်များက စစ်ဆေးချိန် ကားအနောက်တွင် အိပ်လျက်လိုက်ပါလာသော မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၂၄ ဦးပါဝင်ပြီး တရားဝင် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဖော်ပြထားသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း မဲဆောက်မြို့အထွက် စစ်ရေးဂိတ်တွင် ဘန်ကောက်မြို့ကိုသွားမည့် မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။
ဖမ်းဆီးခံရသူများကို မဲဆောက်ရဲစခန်းတွင် ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်ပြီးနောက် နေရပ်ပြန်ပို့သွားမည်ဖြစ်ကြောင်းသတင်းတွင် ဖော်ပြသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း မဟာချိုင် ခုတ်ခန်းဒေသ အဆောက်အဦတစ်ခုတွင် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် ထိုင်းလဝက၊ ညွှန်ကြားရေးပူးပေါင်းအဖွဲ့များက ဖမ်းဆီးခဲ့သေးသည်။
Ref: Thai PBS, Khoasod