BREAKING
October 25, 2025

သံဖြူဇရပ်မြို့မရဲစခန်း တိုက်ခိုက်ခံရ

August 18, 2022

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မရဲစခန်း ဩဂုတ်လ ၁၇ ရက် ညပိုင်းတွင် တိုက်ခိုက်ခံရကြောင်း မြို့ခံအချို့တို့ထံမှ သိရသည်။

ဩဂုတ်လ ၁၇ ရက်နေ့ ည ၇ နာရီကျော်က သေနတ်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံအချို့က ပြောသည်။

ရဲတို့နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး သေနတ်သမားဘက်က တစ်ဦး ထိခိုက်သေဆုံးသွားသည်ဟု ကြားသိရကြောင်း ၎င်းတို့က ဆိုသည်။

“ညက သေနတ်သံတော့ကြားတယ် ၁၅ ချက် အချက် ၂၀ လောက်ရှိမယ် ပစ်တာ။ မနက်ကျမှ ရဲစခန်းမှာ ဖြစ်တာ သိရတယ်။ လာပစ်တဲ့ဘက်က တစ်ယောက်သေသွားတယ်လို့တော့ ပြောတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ရဲဘက်ကလည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

သံဖြူဇရပ်မြို့မရဲစခန်းကို သံဖြူဇရပ် PDF အပါအဝင် မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကို သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် မြို့အဝင်အထွက်နေရာများကို စစ်ကောင်စီတပ်ဖွဲ့တို့က လုံခြုံရေး တင်းကျပ် ထားကြောင်းလည်း ဒေသခံတို့က ပြောသည်။