ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘီးလင်းတွင် အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

March 18, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြင်သာကျေးရွာတွင် အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၁၅ရက် နံနက်ပိုင်းက ပြင်သာကျေးရွာအနီးတွင် အမျိုးသားနှစ်ဦးသည် တဲဆောက်လုပ်ရန်အတွက် မြေရှင်းလင်း နေစဉ် မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

မြေမြှုပ်မိုင်းနင်းမိသည့် အမျိုးသားနှစ်ဦးသည် ရွှေတူးဖော်ရေး အလုပ်သမားများဖြစ်ကြပြီး အသက် ၂၀ ကျော် အရွယ်များကြကြော်း ဒေသခံများက ဆိုသည်။

မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးစလုံးသည် ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိသဖြင့် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အရေးပေါ် တက်ရောက် ဆေးကုသမှု ခံယူနေရကြောင်း ၎င်းတို့က ပြောဆို သည်။

“မိုင်းနင်းမိတဲ့ နှစ်ယောက်က ရွှေတွင်းလုပ်သားတွေ ဖြစ်ကြတယ်။ အခု မိုင်းနင်းမိတဲ့နေရာက စစ်ကြောင်းတွေလည်း ရောက်တယ်။ တော်လှန်ရေးအဖွဲ့ဘက်ကလည်း သွားလာနေတဲ့နေရာဖြစ်တယ်” ဟု ဘီးလင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပြင်သာကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ သွားလာလှုပ်ရှားနေသလို စစ်အာဏာရှင်တပ်တို့ကလည်း သွားလာလှုပ်ရှားနေပြီး နှစ်ဖက်တိုက်ပွဲ မကြာခဏဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘီးလင်းမြို့နယ်အတွင်း မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ဘီးလင်းမြို့နယ်၊ မဲလံဖားကဒူးကျေးရွာအနီးတွင် ဥယျာဉ်ခြံသွားစဉ် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ ICBL ၏အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အာဏာသိမ်း ကာလအတွင်း ကမ္ဘာပေါ်တွင်မြေမြှုပ်မိုင်းကြောင့် လူထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံဖြစ်လာကြောင်း ထုတ်ပြန်ထားသည်။