ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တရုတ်တွင် မီးရှူးမီးပန်းအရောင်းဆိုင် ပေါက်ကွဲမှုကြောင့် လူတစ်ဒါဇင် သေဆုံး

February 18, 2026

တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ရှိ မီးရှူးမီးပန်းအရောင်းဆိုင်တစ်ဆိုင်၌ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၂ ဦး သေဆုံးကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

ယခုဖြစ်ရပ်သည် တရုတ်နှစ်သစ်ကူးကာလအတွင်း ဒုတိယအကြိမ်မြောက် မီးရှူးမီးပန်းအရောင်းဆိုင် ပေါက်ကွဲမှုလည်း ဖြစ်သည်။

ဟူဘေးပြည်နယ်အလယ်ပိုင်း ရှန်ယန်မြို့ရှိ အဆိုပါ မီးရှူးမီးပန်းဆိုင်မှ မီးလောင်မှုကို ယနေ့ မွန်းလွဲပိုင်းတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို အာဏာပိုင်များက စုံစမ်းနေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပေ။

တရုတ်နှစ်သစ်ကူးပွဲတော် ဆင်နွှဲရာတွင် မီးရှူးမီးပန်းများမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်လေ့ရှိပြီး ယင်းတို့ကို အသုံးပြုမှုကြောင့် မတော်တဆ ထိခိုက်မှုများစွာလည်း ဖြစ်ပွားလေ့ရှိသည်။

တနင်္ဂနွေနေ့ကလည်း တရုတ်နိုင်ငံ၊ ရှန်စုပြည်နယ်အရှေ့ပိုင်းရှိ မီးရှူးမီးပန်းဆိုင်တစ်ဆိုင်တွင် မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ရှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်ရပ်မှာ ဒေသခံတစ်ဦးက ဆိုင်အနီးတွင် မီးရှူးမီးပန်းများ ပစ်လွှတ်ခဲ့ခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။