သီရိလင်္ကာနိုင်ငံတွင် လွှတ်တော်အမတ်များ၏ ပင်စင်ခံစားခွင့်ကို ဖျက်သိမ်းရန် ဖေဖော်ဝါရီလ ၁၇ ရက်က လွှတ်တော်အတွင်း ထောက်ခံမဲအပြတ်အသတ်ဖြင့် မဲပေးအတည်ပြုလိုက်သည်။
ယင်းမှာ လက်ရှိအာဏာရ မာ့စ်ဝါဒီယိမ်းအစိုးရ၏ ရွေးကောက်ပွဲအကြို ကတိကဝတ်အတိုင်း လွှတ်တော်ကိုယ်စားလှယ်များ၏ ပင်စင်ခံစားခွင့်ကို ဖျက်သိမ်းလိုက်ခြင်းပင်ဖြစ်သည်။
လွှတ်တော်အမတ်များ၏ ပင်စင်ခံစားခွင့်ကို ဖျက်သိမ်းရန် ဥပဒေကြမ်းကို အဖွဲ့ဝင် ၂၂၅ ဦးပါဝင်သော လွှတ်တော်အတွင်း ထောက်ခံမဲ ၁၅၄ မဲ၊ ကန့်ကွက်မဲ ၂ မဲဖြင့် အတည်ပြုနိုင်ခဲ့သည်။
ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ မဲခွဲချိန်တွင် လွှတ်တော်တက်ရောက်ခြင်း မရှိခဲ့ကြပေ။
သီရိလင်္ကာတွင် ယခင်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် သက်တမ်းငါးနှစ် တာဝန်ထမ်းဆောင်ပြီးပါက ပင်စင်ခံစားခွင့် ရှိခဲ့သည်။
အင်္ဂါနေ့က အတည်ပြုလိုက်သည့် ဥပဒေသစ်အရ လက်ရှိပင်စင် ရရှိနေသူများ သို့မဟုတ် ပင်စင်ရရှိရန် သတ်မှတ်ချက် ပြည့်မီသူများ အားလုံးကို ပင်စင်ကြေးထောက်ပံ့မှု ရပ်ဆိုင်းမည် ဖြစ်သည်။
၂၀၂၄ ခုနှစ်တွင် သမ္မတဖြစ်လာသည့် အနူရာ ကူမာရာ ဒစ်ဆာနာယကေးသည် ၎င်း၏ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များကို ပင်စင်ကြေးထောက်ပံ့မှု အဆုံးသတ်မည်ဟု ကတိပြုခဲ့သည်။
ဒစ်ဆာနာယကေးအစိုးရသည် သမ္မတဟောင်းများ ရရှိနေသည့် အထူးအခွင့်အရေးများကို ယမန်နှစ် စက်တင်ဘာလတွင် ပယ်ဖျက်ခဲ့သည်။
ယင်းအထူးအခွင့်အရေးများတွင် အိမ်ရာ၊ ထောက်ပံ့ကြေး၊ ပင်စင်နှင့် သယ်ယူပို့ဆောင်ရေးတို့အတွက် နိုင်ငံတော်ဘတ်ဂျက်မှ ကျခံပေးမှုများ ပါဝင်သည်။
သမ္မတဟောင်းများနှင့် ၎င်းတို့၏ ဇနီးသည်များအတွက် ရုံးခန်းနှင့် ဝန်ထမ်းအဖွဲ့ ထားရှိပေးခြင်းကိုလည်း ဖျက်သိမ်းခဲ့သည်။
လက်ရှိတွင် သီရိလင်္ကာ၌ သက်ရှိထင်ရှားရှိနေဆဲ သမ္မတဟောင်း ငါးဦးနှင့် သမ္မတကတော် တစ်ဦး ရှိနေသည်။
၂၀၂၂ ခုနှစ်အတွင်း နိုင်ငံ၏ အဆိုးရွားဆုံး စီးပွားရေးပျက်ကပ်ကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီနှင့် လျှပ်စစ်မီး ပြတ်လပ်မှု ဆိုးရွားစွာ ဖြစ်ပေါ်လာခဲ့သည်။
အာဏာရအစိုးရကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီး ထိုစဉ်က သမ္မတ ဂိုတာဘာယာ ရာဂျာပက္ကစာ ရာထူးမှ နုတ်ထွက်ခဲ့ရသည်။
ယင်းနောက် ၂၀၂၄ ရွေးကောက်ပွဲတွင် မာ့စ်ဝါဒီယိမ်းဒစ်ဆာနာယကေးက လူထုထောက်ခံမှု အပြတ်အသတ်ရရှိကာ သီရိလင်္ကာသမ္မတသစ် ဖြစ်လာခဲ့သည်။
Source: AP







