ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကျိုက်ထိုတွင် မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီး၍ဟုဆိုကာ အမည်မသိ အမျိုးသား ၄ ဦးကို အမှုဖွင့်

December 17, 2025

ဓာတ်ပုံ - ဒေသခံ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီး၍ဟုဆိုကာ အမျိုးသား ၄ ဦးကို စစ်အာဏာရှင်က အမှုဖွင့်ထားကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် စိုက်ထူထားသည့် ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်ကို အမျိုးသားနှစ်ဦးက ဒီဇင်ဘာလ ၁၂ ရက်နေ့က ဓားဖြင့် ဆုတ်ဖြဲဖျက်ဆီးခဲ့သည်ဟု စစ်အာဏာရှင်က ထုတ်ပြန်ထားသည်။

အလားတူ ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့က တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်ကို အမျိုးသား ၂ ဦးက ဖျက်ဆီးသွားခဲ့ဟုဆိုသည်။

ပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်များကို ဖျက်ဆီးသွားသည့် အမျိုးသား ၄ ဦးကို စစ်အာဏာရှင်က ကျိုက်ထိုမြို့မရဲစခန်းတွင် ရွေးကောက်ပွဲကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၂၄(ခ) ဖြင့် အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးရမိနိုင်ရေး လုပ်ဆောင်နေဟုဆိုသည်။

“ကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုင်းဘုတ်တွေကို ဖြဲလိုက်တဲ့လူတွေက ဘယ်သူ ဘယ်ဝါလည်းဆိုတာ မသိသေးဘူး။ သူတို့ကို မဖမ်းမိသေးဘူး။ အမှုတော့ ဖွင့်ထားလိုက်ပြီ” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာရှင်က အမှုဖွင့်အရေးယူထားသည့် ဥပဒေ ပုဒ်မ ၂၄(ခ) အရ ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကပ်ထားသည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းပါ စာရွက်များ ဆုတ်ဖြဲသည့် စွပ်စွဲချက်ဖြင့် အသက် ၆၅ နှစ်အရွယ် ဒေသခံ ဦးကျော်မြင့်ကို စစ်အာဏာရှင်က ရွေးကောက်ပွဲကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၆ (က)/၂၄ (က) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၁၇ နှစ်ကျခံရန် အဓမ္မချမှတ်ခဲ့သည်။

စစ်အာဏာရှင်က ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေကို ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေဖြင့် ပြည်သူများကို ဆက်တိုက်ဖမ်းဆီးနေသည်။

ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်မှု စွပ်စွဲချက်ဖြင့် မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းတွင် ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေဖြင့် ဖမ်းဆီး အရေးယူခံထားရသူ ၁၀၀ နီးပါးရှိသည်။