ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်နှင့် စူဖန်ဘူရီခရိုင်များတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၇၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဒီဇင်ဘာလ ၁၆ ရက်က ကန်ချနဘူရီမြို့ အမှတ် ၃၂၃ အဝေးပြေးလမ်းမကြီးပေါ်တွင် ထိုင်းရဲတပ်ဖွဲ့က ဂိတ်ချစစ်ဆေးနေစဉ် ပုံမှန်အလေးချိန်ထက် ပိုနေသော ပစ်ကပ်ကားတစ်စီးကို ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ကြောင်း ဆိုသည်။
ပစ်ကပ်ကားသည် ရပ်တန့်စစ်ဆေးမခံဘဲ လမ်းကြောင်းပြောင်း၍ မောင်းပြေးစဉ် ကန်ချနဘူရီမြို့ဝမ်ယန်ဒေသရှိ ကြံခင်းထဲအရောက် ကားက လမ်းဘေးမြောင်းဘောင်နှင့် တိုက်မိပြီး ရပ်တန့်ခဲ့ကာ ကားသမားထွက်ပြေးသွားကြောင်း ဖော်ပြသည်။
ကားပေါ်တွင် လိုက်ပါလာသည့် မြန်မာနိုင်ငံသားအချို့လည်း ထွက်ပြေးခဲ့ကြသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် မြန်မာနိုင်ငံသား ၁၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး နှစ်ဦးနှင့် အသက် ၁၈ နှစ်အောက် ကလေး ကိုးဦး ပါဝင်သည်။
မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာကြခြင်းဖြစ်ပြီး ထိုင်းတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မရှိကြောင်း ဖော်ပြသည်။
အချို့သည် စမွတ်စခွန်၊ ရတ်ချ်ဘူရီခရိုင်နှင့် အချို့သည် မလေးရှားအထိ သွားရန် ရည်ရွယ်ထားကြပြီး ခရီးစရိတ် ဘတ် ၁၀၀၀၀ မှ ၂၀၀၀၀ အထိ ကုန်ကျမည်ဖြစ်ကြောင်း ဆိုသည်။
ဒီဇင်ဘာလ ၁၆ ရက် ညတွင်ပင် စူဖန်ဘူရီခရိုင်၌ ပစ်ကပ်ကား သုံးစီးဖြင့် တရားမဝင် လာသော မြန်မာနိုင်ငံသား ၅၂ ဦး ဖမ်းဆီးခံရသေးသည်။
စူဖန်ဘူရီခရိုင်ထဲရှိ တောတွင်းတစ်နေရာတွင် မုန့်ထုတ်အခွန်များအပါအဝင် စွန့်ပစ်အမှိုက်များ တွေ့ရသဖြင့် ရဲတပ်ဖွဲ့က မသင်္ကာ၍ စောင့်ကြည့်နေခဲ့ကြောင်း ဖော်ပြသည်။
ညပိုင်းတွင် ပစ်ကပ်ကားသုံးစီးနှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂၂ ဦး၊ ကလေး ၃ ဦး စုစုပေါင်း ၅၂ ဦး ရောက်လာသည်ကို တွေ့ရသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ပြီး ကားသမားသုံးဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် တာချီလိတ်-မယ်ဆိုင်ဂိတ်မှတစ်ဆင့် ဝင်လာကြပြီး ကားသမားက သွားကြို၍ စူဖန်ဘူရီအထိ ပို့ဆောင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားနှင့် ကားသမားများကို သက်ဆိုင်ရာ ရဲစခန်းများသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Amarin TV, FM 91, Banmaung, CH 7







