မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် တိုက်ဖျက်ရေး) ၏ ရာမညမွန်တပ်တော်(RMA) မှ အရာရှိ တစ်ဦး ဖြစ်သည့် ဗိုလ်မှူး မိုးကြိုး ကားတိုက်ခံရ၍ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက ကွယ်လွန်သွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည် ။
ရေး-ထားဝယ် ကားလမ်းမ ကလိန်အောင်-မလွှဲတောင်လမ်းပိုင်းရှိ ကျေးရွာတစ်ရွာတွင် တာဝန်ဖြင့် ရောက်ရှိနေစဥ် ကားတိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည် ။
” ကားလမ်းမဘေးရှိနေချိန် အနောက်ကနေဝင်တိုက်ခံရတယ်။ ဖြစ်ပြီးတာနဲ့ သိပ်မကြာဘူး သေသွားတယ်။ စျာပန ကတော့ မနေ့(ဒီဇင်ဘာလ ၁၆ ရက်) က လုပ်ပြီးသွားပြီ ” ဟု မွန်ပြည်သစ်(AD) ၏ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောသည်။
ယာဥ်တိုက်မှု ဖြစ်သည့်ကားမှာ အဆိုပါလမ်းပိုင်းတွင် အသားငါးရောင်းနေသည့် စျေးကားဖြစ်ကြောင်း ဒေသခံတို့ထံမှသိရသည်။
” သူ(ဗိုလ်မှူးမိုးကြိုး)က ကားလမ်းဘေးမှာ ရပ်နေတာကိုတိုက်မိတာ။ ယာဥ်မတော်တဆမှု လို့တော့ပြောကြတာပဲ။ ကားလမ်းဘေးမှာတောင်တိုက်မိတာဆိုတော့ ကားသမားရဲ့ပေါ့ဆမှုပေါ့လေ ” ဟု လမ်းပိုင်းရှိ ရွာသားတစ်ဦး ကပြောသည်။
ယာဥ်တိုက်မှု ဖြစ်သည့်ကားမှာ ဒီဇင်ဘာလ ၁၆ ရက် ညနေပိုင်းအထိ အဆိုပါလမ်းပိုင်းရှိ လမ်းဘေးတစ်နေရာတွင် ရပ်ထားသည်ကို မြင်တွေ့ရကြောင်း လမ်းပိုင်းတွင်သွားလာနေသည့် မျက်မြင်တွေ့ရသော ကားသမားတစ်ဦး ကပြောသည်။
နောက်ဆက်တွဲ အခြေအနေနှင့် ကားသမားအား အရေးယူမှုရှိမရှိကို မေးမြန်းနိုင်ရန် မွန်ပြည်သစ်ပါတီ(AD) ၏ ပြောရေးဆိုခွင့်ရှိသူ ထံ ဆက်သွယ်ထားသော်လည်း အကြောင်းပြန်ခြင်းမရှိသေးပေ။
ဗိုလ်မှူးမိုးကြိုး ကွယ်လွန်ခြင်း အတွက် အမျိုးသားညီညွတ်ရေး အစိုးရ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးတိုင်းစစ်ဌာန ၊ ဆာကပေါတပ်ရင်း(KTLA) ၊ မွန်ပြည် တော်လှန်ရေးတပ် (MSRF) စသည့် မဟာမိတ်တော်လှန်ရေးအင်အားစုများက ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့နေကြသည်။
မွန်ပြည်သစ်ပါတီ(AD) သည် မွန် ၊ ကရင် ၊ ထားဝယ် တော်လှန်ရေး မဟာမိတ် တွင်ပါဝင်သလို ရာမညမွန်တပ်တော် (RMA) သည်လည်း ထားဝယ်ခရိုင် အတွင်းရှိ တော်လှန်ရေးလှုပ်ရှားမှုများတွင် မဟာမိတ်များနှင့်အတူ ပူးပေါင်း ပါဝင်လေ့ရှိကြောင်း တော်လှန်ရေးအင်အားစုများထံမှသိရသည် ။







