BREAKING
November 17, 2025

ရေးတွင် တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးဒဏ်ရာရ

November 17, 2025

ပုံစာ - ရေးဘီလူး တပ်ဖွဲ့ဝင်များ (ပုံဟောင်း) ဓာတ်ပုံ - ရေးဘီလူး

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်အာဏာရှင်တပ်နှင့် ရေးဘီလူးအဖွဲ့ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေကြောင်းဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။

နိုဝင်ဘာလ ဒုတိယအပတ်အတွင်း၌ အင်အား ၂၀၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ကျောင်းရွာကျေးရွာ အုပ်စု၊ လိပ်ပုတ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နိုဝင်ဘာလ ၁၅ ရက်တွင် ဒေသတွင်းလှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“လိပ်ပုတ်ရွာဘက် တက်လာတဲ့ စစ်ကြောင်းကို ရေးဘီလူးဘက်က တိုက်ခိုက်တော့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာဖြစ်တယ်။ စစ်ကြောင်းက တိုက်ခိုက်ခံရပြီးတော့ ရှေ့မဆက်နိုင်တော့ပဲ ငါးကလေးချောင်းရွာဘက်ကို ပြန်ဆုတ်သွားတယ်” ဟု ရေးဘီလူးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်နေချိန် စစ်အာဏာရှင်တပ်က လိပ်ပုတ်ကျေးရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင်း အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်တစ်လုံး၊ ဆိုင်ကယ်ပြင်ဆိုင်နှင့် ဆိုင်ကယ်နှစ်စီးတို့ မီးလောင်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း ၎င်းတို့က ဆိုသည်။

လက်ရှိတွင် စစ်အာဏာရှင်စစ်ကြောင်းများ ပြန်ဆုတ်သွားသော်လည်း စစ်ကြောင်းသည် ဒေသတွင်း လှုပ်ရှားလျက် ရှိသည့်အတွက် တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားလာနိုင်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအုပ်စု၊ ရွာကလေးကျေးရွာဘက်ကိုလည်း အင်အား ၁၀၀ ခန့်ရှိသည့် စစ်အာဏာရှင် စစ်ကြောင်း ဝင်ရောက်လာပြီး နိုဝင်ဘာလ ၁၄ ရက်က ရေးဘီလူးအဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းသည် အာယုတောင်ကျေးရွာနှင့် အနီးအနားတဝိုက်ရွာက ‌ဒေသသခံပြည်သူ အယောက် ၂၀ ဦးထက်မနည်းကို နိုဝင်ဘာလ ၁၃ ရက်က လူသားဒိုင်းသဖွယ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျောင်းရွာကျေးရွာသို့ရောက်ချိန် နိုဝင်ဘာလ ၁၆ ရက်တွင် ပြန်လွှတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

အောက်တိုဘာလအတွင်းကလည်း ရေးမြို့နယ်မြောက်ပိုင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို စစ်အာဏာရှင်တပ်ဖွဲ့ဝင် ရာနှင့်ချီ စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်း ထိုးလာသည့် အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့သည်။