BREAKING
November 17, 2025

မလေးရှားသွားမည့် မြန်မာ ၂၉ဦး ကန်ချနဘူရီရှိ နေအိမ်တစ်ဆောင်တွင် ဖမ်းဆီးခံရ

November 17, 2025

မလေးရှားနိုင်ငံသို့ သွားရောက်ရန် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၂၉ ဦး ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ ခရိုင်ရှိ နေအိမ်တစ်ဆောင်တွင် ရှိနေစဉ် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၁၅ ရက်က လဝကရဲတပ်ဖွဲ့ဝင်များက လူမှောင်ခိုပို့သည်ဟု သံသယရှိသော ကားတစ်စီးကို လိုက်လံရှာဖွေရာမှ နော်ဘိုဝါဒေသရှိ အိမ်တစ်ဆောင်ရှေ့တွင် ရပ်ထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။

အိမ်ထဲတွင် ဝင်ရောက်စစ်ဆေးရာ ပုန်းနေသော မြန်မာနိုင်ငံသား အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၉ ဦးကို အထုပ်အပိုးများနှင့်အတူ တွေ့ရှိခဲ့ကြောင်း ဆိုသည်။

အားလုံးတွင် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရဘဲ စမွတ်စခွန်ခရိုင်သို့ ခရီးဆက်ရန် အိမ်ထဲပုန်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသတင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားများကို နံနက်ပိုင်းက နယ်စပ်တောထဲမှ သွားရောက်ခေါ်လာခဲ့ပြီး တစ်ဦးလျှင် ဘတ် ၁၂၀၀ ရရှိသဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းကားသမား၏ ဖြေကြားချက်ကို ဖော်ပြသည်။

မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် စန်ခရာဘူရီသို့ တရားမဝင် ဝင်ရောက်လာကြပြီး မလေးရှားသို့ သွားရောက်ရန် ရည်ရွယ်ထားကြကြောင်း ဆိုသည်။

အားလုံးသည် ခရီးစဉ်အတွက် ဘတ် ၅၅၀၀၀ မှ ၆၅၀၀၀ အထိ ကုန်ကျမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံသားများနှင့်အတူ ကားသမားကို ကန်ချနဘူရီရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် အောက်တိုဘာလအတွင်း ဖမ်းဆီးခံရသူ အနည်းဆုံး ၁၀၀၀ ခန့် ရှိကြောင်း Dawei Watch က သတင်းစုစည်းမှုအရ သိရသည်။

Ref: Kanchanaburi News, MGR Online, Matichon Online