BREAKING
October 18, 2025

ရေးမြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ပြည်သူများ စစ်ရေးသတိရှိကြရန် တိုက်တွန်း

October 17, 2025

ပုံစာ - ရေးမြောက်ပိုင်းတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့။ ဓာတ်ပုံ - RMA

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းဘက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိပြီး ပြည်သူများအနေဖြင့် စစ်ရေး သတိရှိရှိဖြင့် နေထိုင်သွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် ရေးမြို့နယ်မြောက်ပိုင်းဒေသဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက် လာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ အောက်တိုဘာလ ၁၀ ရက်ကစပြီး ယနေ့ အောက်တိုဘာ လ ၁၇ ရက်အထိ နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းက ကျေးရွာများနှင့် ကားလမ်းတစ်ဖက်တစ်ချက်ရှိ ရော်ဘာခြံများထဲတွင် ပြောက်ကျားပုံစံဖြင့် ကင်းပုန်းဝပ်နေကြကြောင်း ဒေသခံများက ဆိုသည်။

“ရေးမြောက်ပိုင်းဘက်မှာ ကားလမ်းအရှေ့ဘက်ရော အနောက်ဘက်ရော စစ်သားတွေ ချထားတယ်။ သူတို့ ပြောက်ကျား ပုံစံနဲ့ ရော်ဘာခြံတွေမှာ အပြည့်ပဲနေနေတာ။ ရွာတိုင်းလို့ ပြောလို့ရတယ်။ တပ်တွေချထားတာ အများကြီးပဲ၊ မနက်ပိုင်း တစ်ချက်ပဲ ကားလမ်းဘက်ထွက်ပြပြီးတော့ ရော်ဘာခြံထဲမှာ ပြောက်ကျားပုံစံနဲ့ သူတို့နေနေတာ နေ့ရော ညရောပဲ။ သတိထား သွားလာကြဖို့ပါ” ဟု ရေးမြောက်ပိုင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းများ ဝင်ရောက်နေသည့်အတွက် ဒေသခံပြည်သူများ တောထဲ မသွားရဲကြသည့်အတွက် ဥယျာဉ်ခြံလုပ်ငန်း၊ ရော်ဘာခြံလုပ်ငန်းများ ရပ်နားထားရသလို အချို့ကလည်း ကြောက်ရွံ့ပြီး အခြားဒေသသို့ တိမ်းရှောင်သွားကြကြောင်း ဒေသခံများက ပြောဆိုသည်။

ရေးမြောက်ပိုင်းဒေသတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသည့်အပြင် တိုက်ပွဲတွင် အထိနာနေသည့် စစ်အာဏာရှင်တပ် က အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်နေကြောင်း တော်လှန်ရေး အင်အားစုများက ဆိုသည်။

ရာမညမွန်တပ်တော် (RMA) ကလည်း ရေးမြောက်ပိုင်းရှိ ကျေးရွာများအား စစ်အာဏာရှင် တပ်ရင်းများက လက်နက်ကြီး အမြောက်များဖြင့် ပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူများ စစ်ရေးအသိ၊ သတိရှိရှိဖြင့် နေထိုင်သွားလာကြပါရန် မေတ္တာရပ်ခံကြောင်း အောက်တိုဘာလ ၁၆ ရက်က ထုတ်ပြန်တိုက်တွန်းထားသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားသည့် ရေးမြို့နယ်မြောက်ပိုင်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပြန်လည် ထိန်းချုပ်နိုင်ရန် အင်အား ၄၀၀ နှင့် ၅၀၀ ကြားရှိသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ စစ်ကြောင်း သုံးကြောင်းခွဲပြီး သံဖြူဇရပ်မြို့နယ်အစပ်အထိ စစ်ကြောင်းထိုးနေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) ၊ ရာမညမွန်တပ်‌တော် (RMA) ၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)၊ ဗျူဟာ (၃၃) ဒေါနချေမှုန်းရေးတပ်ခွဲနှင့် တပင်ရွှေထီး ပူးပေါင်းတပ်တို့က တိုက်ခိုက်နေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။