ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကျောင်းသားများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် မြန်မာရွှေ့ပြောင်းစာသင်ကျောင်းမှ ကျောင်းဆရာတစ်ဦးကို ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ထိုင်းသတင်းဌာနများနှင့် ကျောင်းသားမိဘထံမှ သိရသည်။
ဇူလိုင်လ ၁၆ ရက်နေ့က အသက် ၇၀ နှစ်ကျော်အရွယ် ရွှေ့ပြောင်းအထက်တန်းကျောင်းက ကျောင်းဆရာတစ်ဦးကို လိင်အမြတ်ထုတ်မှုဖြင့် စူဝမ်နမင်း ကလေးအခွင့်အရေးအဖွဲ့အစည်းနှင့် နစ်နာသူမိဘအုပ်ထိန်းသူများက မဲဆောက်ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တိုင်ကြားခံရသူသည် မြန်မာကျောင်းသားများ ပညာသင်နေသော သွေးသစ်အထက်တန်းကျောင်းမှ အသက် ၇၂ နှစ်အရွယ် ဆရာကြီး ဦးဇော်ငြိမ်းလတ်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူနှင့် နီးစပ်သူများက အတည်ပြုသည်။
“ကျွန်တော်တို့ သိထားတာ ကျောင်းသားတွေပဲ။ ၆ ယောက်လောက်ရှိတယ် (လိင်အမြတ်ထုတ်) ခံရတာ။ ဆရာကြီးကိုတော့ ညက လာဖမ်းသွားတယ်လို့ သိရတယ်။ အခုက မဲဆောက်ရဲစခန်းမှာ” ဟု သွေးသစ်အထက်တန်းကျောင်းက ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
လက်ရှိတွင် စွပ်စွဲခံရသော ဦးဇော်ငြိမ်းလတ် ဖမ်းဆီးခံရခြင်း ရှိမရှိ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနေဆဲဖြစ်ပြီး အသေးစိတ်ကို မသိရသေးပေ။
ဆရာကြီးသည် ကျောင်းသားများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်၍ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် ကျောင်းသားအများစုက စိတ်ဖိစီးနေပြီး ရှက်နေကြကာ ကျောင်းကို ဆက်မသွားချင်တော့သည့် ပုံစံများ ဖြစ်လာကြောင်း အုပ်ထိန်းသူများက ထိုင်းသတင်းဌာနကို ဖြေကြားထားသည်။
ကျောင်းသားများကို အုပ်ထိန်းသူမိဘများက မေးမြန်းခဲ့ရာမှ ဖြစ်စဉ်အမှန်ကို သိရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဆရာကြီးသည် ညဘက်တွင် ကျောင်းသားများကို ခေါ်၍ နှိပ်နယ်စေခဲ့ကြောင်း၊ အချို့အချိန်များတွင် ဖျားနာသည်ဟု ပြောဆိုကာ ၎င်းနှင့် အတူအိပ်ရန် ခေါ်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ရေးသားထားသည်။
ယင်းအချိန်တွင် ဆရာက ကျောင်းသားများ၏ လိင်အင်္ဂါကို ထိကိုင်ပြီး အချို့အခြေအနေများတွင် တစ်ကိုယ်ရေအာသာဖြေခိုင်းခဲ့ကြောင်း ယင်းနောက် ဆရာကြီးက ကျောင်းသားများကို ငွေကြေးအချို့ပေးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။
ဖြစ်စဉ်များသည် ယခုနှစ် မတ်လမှ ဇွန်လအထိ ဖြစ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား ၈ ဦးက ကျူးလွန်ခဲ့သော ဆရာကြီးကို အရေးယူပေးရန် ကျောင်းဘက်သို့ တိုင်ကြားခဲ့သော်လည်း ကျောင်းဘက်က မည့်သည့်အရေးယူခြင်းမှ မလုပ်ခဲ့ကြောင်း မိဘအုပ်ထိန်းသူများက Thairath သို့ ဖြေကြားထားသည်။
ကျောင်းသားများက ဆရာကြီး၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကို အုပ်ထိန်းသူများထံ ပြောကြားပြီးနောက် ဆက်လက်မေးမြန်းစုံစမ်းကြရာမှတစ်ဆင့် အခြားကျောင်းသားများလည်း ကျူးလွန်ခံရသည်ကို သိရှိခဲ့ကြခြင်းဖြစ်ပြီး ဇူလိုင်လ ၁၆ ရက်နေ့က ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း အုပ်ထိန်းသူတစ်ဦးက Thairath သို့ ဖြေကြားထားသည်။
လက်ရှိတွင် ကျောင်းသားများ လိင်အမြတ်ထုတ်ခံရမှုကို ရွှေ့ပြောင်းကလေးငယ်များ၏ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များအတွက် ထိုင်းအစိုးရ ထောက်ခံမှုဖြင့် ဖွဲ့စည်းထားသော MECC စင်တာအထိ တိုင်ကြားသွားမည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသော ကိုနေရှိုင်းက Facebook စာမျက်နှာတွင် ရေးသားထားသည်။
စွပ်စွဲခံထားရသော ဦးဇော်ငြိမ်းလတ်ကို ကျောင်းအတွင်းနေထိုင်ခြင်းနှင့် ပညာသင်ကြားခြင်းများအား ဇူလိုင် ပထမအပတ်ကတည်းက ရပ်နားထားပြီးဖြစ်ကြောင်း သွေးသစ်အထက်တန်းကျောင်းက ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။
ကျောင်းအနေဖြင့် ယင်းဖြစ်စဉ်ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခြင်းမရှိဘဲ အလုပ်ရပ်နားကြောင်းသာ ထုတ်ပြန်မှုကြောင့် ဝေဖန်မှုများလည်း ရှိနေသည်။
Ref: Thairath, CH 7, Matichon Online