ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသားများကြား နာမည်ကြီးသော Memories of Chiangmai ဈေးတန်းကို ထိုင်းရဲနှင့် လဝကတို့ ဝင်ရောက်စစ်ဆေးဖမ်းဆီးသဖြင့် မြန်မာနိုင်ငံသား ခြောက်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြသည်။
ချင်းမိုင်မြို့လယ်တွင် မြန်မာနိုင်ငံသားများသည် Memories of Chiangmai ဟုခေါ်သော ဈေးတန်းကို ဖွင့်လှစ်၍ မြန်မာနိုင်ငံက ပစ္စည်းများကို ရောင်းချနေသည်ဟု ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့လာပြီးနောက် တိုင်ကြားမှုများ ရှိလာခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ယင်းနောက် ဇူလိုင်လ ၁၆ ရက် ညနေ ၅ နာရီက ချင်းမိုင်မြို့ ချန်ဖူအ့်ဒေသရှိ Memories of Chiangmai ဈေးတန်းကို နယ်မြေခံရဲတပ်ဖွဲ့နှင့် လဝကရဲတပ်ဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဆိုသည်။
ဈေးတန်းတွင် မြန်မာနိုင်ငံသားများက ဆိုင်ခန်းတွဲများဖြင့် ဖွင့်လှစ်ရောင်းချနေပြီး မြန်မာအလုပ်သမားများကို ခန့်အပ်ထားသဖြင့် အလုပ်လုပ်ခွင့် လက်မှတ်များကို စစ်ဆေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
၎င်းတို့ထဲတွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားသုံးဦးနှင့် ရွှေ့ပြောင်း အလုပ်သမားများအား အလုပ်ခန့်ထားမှုကို အလုပ်သမားရုံးသို့ ၁၅ ရက်အတွင်း အကြောင်းကြားထားခြင်းမရှိသော ဆိုင်ရှင် သုံးဦး စုစုပေါင်း ခြောက်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။





အားလုံးကို ချန်ဖူအ့်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
Memories of Chiangmai ကမူ ဇူလိုင်လ ၁၆ရက်က အာဏာပိုင်များ လာရောက်စစ်ဆေးခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၁၇ရက်တွင် ထုတ်ပြန်ထားသည်။
ဈေးတန်းတွင် လုပ်ကိုင်နေသူများ လုံခြုံမှုရရှိရန် အလုပ်သမားဥပဒေအရ လေးစားလိုက်နာပြီး ဆက်လက်ပြင်ဆင် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Ref: Chiangmai News, INN News