မွန်နှင့် ထားဝယ်အင်အားစုများ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ရာမညဖက်ဒရယ် အင်အားစုသစ် (NRFF) ဦးဆောင်၍ ပြုလုပ်ကြောင်း ဇူလိုင်လ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။
တွေဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပြုလုပ်ခဲ့ကြောင်း NRFF ထံမှ သိရသည်။
ယင်းဆွေးနွေပွဲတွင် မွန်အင်အားစုအနေဖြင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ မွန်ပြည်ကာကွယ်ရေးတက် (MSDF) ၊ မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂ နှင့် မွန်အမျိုးသမီးအဖွဲ့အစည်းများ ပါဝင် ဆွေးနွေးကြောင်း NRFF ထံမှ သိရသည်။
ထားဝယ်အင်အားစုအနေဖြင့် တက်ရောက်ဆွေးနွေးခဲ့သူများသည် အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားပြီး တက်ရောက် ဦးရေနှင့် အဖွဲ့အစည်းများကိုမူ လက်တလောတွင် ထုတ်ပြောခွင့် မရှိသေးကြောင်း NRFF ၏ ပြောရေးဆိုခွင့်ရှိသူ မင်းသံလွင်က ပြောသည်။
“လာတက်ရောက်ကြတာကတော့ နိုင်ငံရေးနောက်ခံရှိတဲ့သူတွေရယ် တက်ကြွလှုပ်ရှားတဲ့သူတွေရယ် လာတက်ရောက်ခဲ့ကြပါတယ်” ဟု ၎င်းက ပြောဆိုသည် ။
ဆွေးနွေးပွဲတွင် မွန်နှင့် ထားဝယ်ဒေသတွင်း တွေ့ကြုံလျက်ရှိသော နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး အနာဂတ်တွင် အချင်းချင်း လက်တွဲလုပ်ဆောင်နိုင်မှု အားကောင်းလာစေရန် သဘောတူညီမှုရကြောင်း NRFF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းအပြင် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို နိုင်ငံရေးနည်းလမ်းအရ ဆန့်ကျင်ရန်လည်း သဘောတူညီမှု ရကြောင်း မင်းသံလွင်က ပြောသည်။
၂၀၂၄ ခုနှစ်ကလည်း မွန်-တနင်္သာရီ လူငယ်တွေ့ဆုံပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။
ယခုပြုလုပ်သည့် တွေ့ဆုံပွဲတွင်မူ ဆွေးနွေးပွဲသို့ တက်ရောက်ရန် သွားလာရေးအခက်ခဲရှိသည့်အပြင် မွန်နှင့် ထားဝယ် ဒေသအတွက် လူသားချင်းစာနာထောက်မှု အကူအညီများပေးရေး ပိုဆွေးနွေးနိုင်ရန် မွန်နှင့် ထားဝယ်အင်အားစု တွေ့ဆုံပွဲအဖြစ် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း NRFF ထံမှသိရသည် ။
ပထဝီအနေအထားအရ မွန်ပြည်နယ်နှင့် ထားဝယ်ခရိုင်သည် ဆက်စပ်လျက်ရှိပြီး ၂၀၂၃ ခုနှစ်နှောင်းပိုင်းကစ၍ မွန်နှင့် တနင်္သာရီနယ်စပ်တွင် တော်လှန်ရေးတပ်များ၏ စစ်ရေးလှုပ်ရှားမှုလည်း ပိုမိုအားကောင်းလာကာ ယခုနှစ်အတွင်း မွန်၊ ကရင်၊ ထားဝယ် မဟာမိတ်ကဲ့သို့ စစ်ရေးမဟာမိတ်လည်း စုဖွဲ့နိုင်ခဲ့သည်။







