စင်္ကာပူနိုင်ငံတွင် မြန်မာအိမ်ဖော်အမျိုးသမီးငယ်တစ်ဦးအား အသက်သေသည်အထိ နှိပ်စက်မှုတွင် ပါဝင်ကူညီမှုဖြင့် ရဲအရာရှိတစ်ဦးအား ယနေ့ ဇူလိုင်လ ၁၇ ရက်တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်။
၎င်း၏ ဇနီးဟောင်းနှင့် ယောက္ခမတို့သည် မြန်မာအိမ်ဖော်အမျိုးသမီးကို အသေစေသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့ရာတွင် ၎င်းရဲအရာရှိကိုယ်တိုင် ပါဝင်ကူညီခဲ့သည့်အတွက် ထောင်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။
လက်ရှိတွင် စင်္ကာပူရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ ရဲတပ်ကြပ် Kevin Chelvam အား ရာထူးမှ ဆိုင်းငံ့ထားသည်။
အသက် ၄၆ နှစ်အရွယ် ရဲတပ်ကြပ် Kevin Chelvam ၏ ဇနီးဟောင်းနှင့် ယောက္ခမတို့၏ ညှင်းပန်းနှိပ်စက်မှုကြောင့် မြန်မာအိမ်ဖော်အမျိုးသမီး Piang Ngaih Don သည် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်တွင် သေဆုံးခဲ့သည်။
အသက် ၂၄ နှစ်အရွယ် အဆိုပါအိမ်ဖော်အမျိုးသမီးသည် လနှင့်ချီ၍ အကြိမ်ပေါင်းများစွာ ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်ခံခဲ့ရကာ ဦးနှောက်ထိခိုက်ပျက်စီးမှုနှင့် လည်ပင်းတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။
သူမ သေဆုံးချိန်၌ ကိုယ်အလေးချိန်မှာ ၂၄ ကီလိုဂရမ်သာ ရှိသည်။
မြန်မာအိမ်ဖော်အမျိုးသမီးငယ်၏ သေဆုံးမှုနှင့် ဆက်စပ်၍ ရဲတပ်ကြပ် Chelvam သည် စွဲချက် ၄ ခုဖြင့် အမှုရင်ဆိုင်ခဲ့ရသည်။
အိမ်ဖော်အမျိုးသမီးအား ဆံပင်ကို ကိုင်ကာ ကြမ်းပြင်မှ အတင်းဆွဲထူမှု၊ ဇနီးဟောင်းဖြစ်သူက အိမ်ဖော်အမျိုးသမီးအား အစာငတ်ခံထားထားသည်ကို လိုက်လျောကူညီပေးမှု ၊ အဆိုပါ အမှုကို ကိုင်တွယ်နေသည့် ရဲအရာရှိတစ်ဦးအား လိမ်လည် ထွက်ဆိုမှု၊ ၎င်း၏ တိုက်ခန်းမှ လုံခြုံရေးကင်မရာကို ဖျက်ပစ်ကာ သက်သေအစဖျောက်ဖျက်မှုတို့ဖြင့် ပြစ်မှုထင်ရှား ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။
မြန်မာအိမ်ဖော်အမျိုးသမီး မသေဆုံးမီ ၃၅ ရက်အတွင်း အစားအသောက် လုံလုံလောက်လောက် မစားခဲ့ရသည်ကို အဆိုပါ ရဲတပ်ကြပ်က သိရှိနေခဲ့ကြောင်း တရားသူကြီးက ပြောသည်။
“ဒီညှင်းပန်းနှိပ်စက်မှုကို တားဖို့ သူ့မှာ အချိန်လည်း ရခဲ့တယ်။ အခွင့်အရေးလည်း ရခဲ့တယ်။ ဒါပေမဲ့ သူ မတားခဲ့ဘူး” ဟု တရားသူကြီးက ဆိုသည်။
“သူဟာ ဥပဒေအရဆိုရင် အိမ်ဖော်အမျိုးသမီးရဲ့ အလုပ်ရှင်သူဌေးပဲ။ အိမ်ဖော်အမျိုးသမီးအဖို့ လုံခြုံတဲ့လုပ်ငန်းခွင် ပတ်ဝန်း ကျင် ဖန်တီးဖို့ သူ လုပ်ရမယ်။ သူ့အနေနဲ့ ဒီညှင်းပန်းနှိပ်စက်မှုကို တားဆီးခဲ့သင့်တယ်။ သူ့မှာ တားနိုင်စွမ်းလည်း ရှိခဲ့တယ်” ဟုလည်း ပြောသည်။
ရဲတပ်ကြပ် Chelvam ၏ ဇနီးဟောင်းဖြစ်သူ Gaiyathiri Murugayan နှင့် သူမ၏ မိခင် Prema S Naraynasamy တို့သည် လက်ရှိတွင် ထောင်ဒဏ် ၃၀ နှစ် နှင့် ၁၇ နှစ် အသီးသီးကျခံရလျက် ရှိသည်။
Source: CNA