BREAKING
June 17, 2025

ရေဖြူတွင် လေပြင်းကြောင့် အုန်းပင် ဆိုင်ပေါ်ကျိုးကျပြီး လူငယ်တစ်ဦးသေဆုံး

June 17, 2025

ရေဖြူမြို့နယ်၊ မော်ငန်းရွာတွင် ဇွန်လ ၁၅ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် အုန်းပင် ဆိုင်တဲပေါ် ကျိုးကျပြီး အမျိုးသားတစ်ဦး သေဆုံးကြောင်း သေဆုံးသူ၏ ဆွေမျိုးတော်စပ်သူများနှင့် ဒေသခံများထံမှ သိရသည်။

သေဆုံးသူသည် အသက် ၂၅ နှစ်အရွယ် မော်ငန်းရွာသားဖြစ်ပြီး စားကျက်တွင် ကျောင်းထားသည့် နွားများကို ပြန်သွားသိမ်းစဥ် အုန်းပင်ကျိုးပြီး ဆိုင်တဲပြိုကျကာ သစ်သားစထိမှန်၍ သေဆုံးကြောင်း ဆွေမျိုးတော်စပ်သူများက ဆိုသည်။ မော်ငန်းရွာမှာ ကံပေါက်တိုက်နယ်၊ သဲချောင်းကျေးရွာအုပ်စုတွင် ရှိသည်။

“ကျိုးကျတဲ့ အုန်းပင်က ပေ ၄၀ လောက်ရှိမယ်။ မိုး လေ ကလည်း တအားပြင်းနေတဲ့အချိန်မှာ ဖြစ်သွားတယ်။ အုန်းပင်က ဆိုင်တဲပေါ်ကို ကျိုးကျပြီး သစ်သားအပိုင်းအစကို သူ့ကို သွားစင်တာ။ ရွာက မိုးရေချိုးနေတဲ့ကလေးက လဲကျနေတာတွေ့မှ ဆေးရုံပို့တာတွေလုပ်ရတယ်” ဟု သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဦးခေါင်အနောက်ဘက်တွင် ရထားသည့် ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားကြောင်း ၎င်းက ပြောဆိုသည် ။

ဇွန်လ ၁၄ ရက်ကလည်း ကော့သောင်းမြို့၊ မလိဝမ်းကျေးရွာ၊ ၂၂ မိုင်ရှိ အမက မလိဝမ်း စာသင်ကျောင်းအပေါ်သို့ လုံးပတ် ၈ ပေ ၊ အရှည် ပေ ၁၀၀ ကျော်ရှိ မြရာပင်လဲကျသဖြင့် ကျောင်းခေါင်မိုးများ ပျက်စီးသွားကြောင်း တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအပါအဝင် နိုင်ငံတစ်ဝန်းတွင် ဇွန်လ ၂၂ ရက်အထိ နေရာကွက်၍ မိုးဆက်ကြီးမည်ဖြစ်ကြောင်း မိုးဇလက အထူးမိုးလေဝသ သတိပေးချက်ထုတ်ပြန်ထားသည် ။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း မိုးဆက်ကြီးမည်ဖြစ်ကြောင်း ဖော်ပြသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် သတိပြုကြရန် တိုက်တွန်းထားသည်။